ပုဏ္ဏားကျွန်းမြို့နယ် ရွာသူများ မိုင်းနင်းမိ၊ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့နယ် ရွာသူများ မိုင်းနင်းမိ၊ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး သေဆုံးကာနှစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု ကျေးရွာဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့က ဗန်းဗွီးကျေးရွာမှ ရွာသား ၆ ဦးသည် တောထဲသို့ ဝဥ သွားရှာရာ မြေမြုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ထိခိုက်သေဆုံးသူများထဲမှ တစ်ဦး၏ မိသားစုဝင်က ပြော သည်။

“မနက်ပိုင်း ထမင်းစားပြီးတော့ အဖော် နဲ့ ၆ ယောက် သူကဖျံဥ သွားပြီးတော့ တူးတာပေါ့ သွားပြီးရှာတာပေါ့။ ဖျံဥသွားရှာပြီးတော့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်မှာ ကျနော်တို့က မိုင်းပေါက်ကွဲသံကို ကြားတယ်။ ၂ နာရီကျော် ၃ နာရီခွဲမှ သတင်းကြား တယ်။ ကြားကြားချင်းသွားတဲ့အခါမှာတော့ သူ့ကို ခေါ်လာခဲ့တာပေါ့ ခေါ်လာပြီးတော့ လမ်းတစ်ပိုင်းမှာ သူက အသက်မရှိတော့ဘူး။ သေဆုံးတာ ၁ ယောက် နောက် ပြီးတော့ ၂ ယောက် က ဒဏ်ရာရသွားတာ။”

သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် ဗန်းဗွီးကျေးရွာသူ မစမ်းစမ်းအေး ဖြစ်သည်။

“မိုင်းနင်းမိပြီးမှ သူကနည်းနည်းဝေးတယ်ဆိုတော့ သူကသယ်လာတာ ကြာတာပေါ့ သယ်လာပြီးမှ လမ်း တစ်ပိုင်းမှာ သူက ဒီရွာ မရောက်ခင် သူက သေဆုံးသွားတာပေါ့။” ဟု ၎င်း၏ မိသားစုဝင်တစ်ဦး က ပြောသည်။

ဒေါ်မထွေးနှင့် ဒေါ်လပြည့်မတို့လည်း ညာဘက်လက်တံတောင်စစ် နှင့် မျက်နှာများတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြပြီး ယခုခါ ယိုးတရုတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။  

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပြီး ဒေသခံများ မကြာ ခဏထိခိုက်ဒဏ်ရာများရရှိခြင်း၊ ထိခိုက်သေဆုံးခြင်းများ ဖြစ်ပေါ်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က  ပြောသည်။

“ပုဏ္ဏားကျွန်းက အဲဖက်မှာ က မိုင်းခဏခဏ ကွဲတယ်။ နင်းမိုင်းတွေပဲ အဲဒီဒေသက လူတွေက တောတောင်တွေမှာ ရှာဖွေစားသောက် ရတာလေ တစ်နေ့စာ တောထဲသွားတယ်။ ထင်းရှာ ဝဥတူး အဲလိုမျိုးတွေ ဟင်းရှာ အဲလိုမျိုးတွေက သွားတာက နေ့စဉ်သွားရတယ်။ သွားတော့ မိုင်းနင်းမိတာပါ။ အဲဒီနေရာမှာ စစ်စခန်းတွေလည်းရှိတယ်။ တိုက်ပွဲတွေလည်း ဖြစ်ခဲ့တာတွေရှိတယ်” ဟု ပြောသည်။

ထို့ကြောင့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် အသီးသီးက ကျေးရွာများတွင် မြေမြှုပ်မိုင်းနှင့် အခြားသော မိုင်းအမျိုးမျိုးနှင့် ပတ်သက်သည့် ပညာပေးလုပ် ငန်းများ လုပ်ဆောင်ပေးသင့်သည်ဟုလည်း ဦးခင်မောင်လတ် က ဆက်ပြောသည်။

“ဒီလိုမျိုး အခြေအနေမှာ မဖြစ်သင့်ဘူးပေါ့။ အစိုးရက အခုနက ပြောသလို ပညာပေးလုပ်ငန်းတွေ ကာ ကွယ် စောင့်ရှောက်ရေး ကူညီရေး လုပ်ငန်းတွေက အများကြီး မိုင်းရှာကိရိယာတွေက ပညာပေးရေး အစိုးရ လုပ်ပေးရမှာ။ အဲဒါက ဝယ်သံတာမကြားသေးဘူး မိုင်းရှာတဲ့ တစ်ကိုယ်သုံး မိုင်းရှာတဲ့ ကိရိယာတွေက အဲဒါ မျိုးတွေ ဝယ်ပေးရမှာပေါ့နော်။”

ယခုမြေမြှုပ်မိုင်းပေါက်ကွဲခဲ့သည့် နေရာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ၂၀၁၉ ခုနှစ်အထိ တပ်မ တော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သို့သော်လည်း အဆိုပါမြေမြှုပ်မိုင်းမှာ မည်သူမည်ဝါ မည်သည့် အဖွဲ့အစည်းများ ထောင်ထားသည့် မိုင်းဖြစ်သည်ကို မသိရဟု ဆိုကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...