ရွှေလီတွင် NLD အင်္ကျီဝတ်ဆင်ပြီး အင်အားပြသည့် မြန်မာ ၄၀၀ ကျော် တရုတ်ရဲဖမ်းဆီးထား

ရွှေလီတွင် NLD အင်္ကျီဝတ်ဆင်ပြီး အင်အားပြသည့် မြန်မာ ၄၀၀ ကျော် တရုတ်ရဲဖမ်းဆီးထား

တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းရှိ ရွှေလီမြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အင်္ကျီဝတ်ဆင်ပြီး အင်အားပြသည့် မြန်မာနိုင်ငံသား ၄၀၀ ကျော်ကို တရုတ်ရဲမှ ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း စုံစမ်းသိရသည်။

မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့တွင် မြန်မာနိုင်ငံသား ၄၀၀ ကျော်သည် အောက်တိုဘာ ၈ ရက် မနက်ပိုင်းက NLD တံဆိပ်ပါ အနီရောင်စည်းရုံးမဲဆွယ်ရေးအင်္ကျီကို ဝတ်ဆင်ပြီး လူစု ဝေး၊ စီတန်း လှည့်လည်မှု ပြုလုပ်သဖြင့် တရုတ်ရဲမှ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ရွှေလီမြို့ မြန်မာလူမှုပရဟိတ အဖွဲ့မှကိုချမ်းမြေ့ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မြန်မာနိုင်ငံသား ၄၀၀ကျော်ပါ။ တရုတ်ရဲ က နေ့လည်က ဖမ်းဆီးလိုက်တာပါ။ ရွှေလီထောင်ထဲမှာ ထိန်းသိမ်းထားပါတယ်” ဟု ကိုချမ်းမြေ့က ပြောပြသည်။

အဆိုပါလူစုသည် စီတန်းလှည့်လည်မှု မပြုလုပ်ခင်က တရုတ်ရဲမှ တားမြစ် သတိပေးထား ပြီးဖြစ်ကြောင်း၊ လက်ရှိကာလသည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် အချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများ အနေဖြင့် မပြုလုပ်သင့်ကြောင်းလည်း ကိုချမ်းမြေ့က ဆိုသည်။

“ သူများ တိုင်းပြည်မှာ သူတို့စည်းကမ်းလိုက်နာရမယ်။ အဲ့လို မလုပ်ဖို့ ကျနော်တားတာတောင် ဒီမိုကရေစီ ခေတ်လို့ ကျနော့်ကိုပြောတယ်။ တရုတ်က ဒီမိုကရေစီ မဟုတ်ဘူး။ ကွန်မြူနစ် နိုင်ငံဆိုတာ သိဖို့လိုအပ်တယ်။ နောက် ဒါက ကိုယ်နိုင်ငံမဟုတ်ဘူးလေ” ဟု ရွှေလီတွင် ရောက်ရှိနေသည့် ကိုစိုင်း က ပြောသည်။

ယခု ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် အချိန်ကာလအတွင်း တရုတ်နိုင်ငံက စည်းကမ်းတင်းကြပ်မှုများစွာ ချထားသည့်ကြားမှ မြန်မာနိုင်ငံသားများအနေဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်းသည် လွန်စွာမသင့်တော်သည့်လုပ်ရပ်ဖြစ်ကြောင်း ကိုစိုင်းက ပြောသည်။

“ဘယ်ပါတီကိုပဲ ထောက်ခံ ထောက်ခံ ရပါတယ်။ ဒါပေမယ့်ကာလဒေသဆိုတာ သိဖို့လိုအပ်ပါတယ်။ မဟုတ်ရင် ကိုယ့်လူတွေပဲ ခံရမှာပါ။ တရုတ်ကတော့ သူ့ဥပဒေ အတိုင်းပဲဆက်လုပ်မှာပဲ” ဟု တရုတ်နယ်စပ် မူဆယ်မြို့တွင် နေထိုင်သည့် စိုင်းလှ က ပြောသည်။

NLD စည်းရုံးရေးအကျီၤများ ဝတ်ဆင်ကာ စီတန်းလှည့်လည် သည့် မြန်မာနိုင်ငံသား ၄၀၀ကျော်သည် လက်ရှိ တရုတ်ဘက်ခြမ်းရှိ ထောင်ထဲတွင် ထိန်းသိမ်းခံထားရပြီး၊ မည့်ကဲ့သို့ ဆက်လက် လုပ်ဆောင်သွားမည်ကို မသိရှိသေးပေ။

မြန်မာနိုင်ငံတွင် လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီကြီးများက မြို့ကြီးတချို့အတွင်း ရပ်ရွာများအတွင်း ကိုဗစ်-၁၉ စိန်ခေါ်မှုကြား စီတန်းလှည့်လည် မဲဆွယ်စည်းရုံးရေးဆင်းနေကြသည်။ သျှမ်းပြည်အတွင်းတွင်မူ တိုက်ပွဲများဖြစ်ပွါးနေမှုကြောင့် သျှမ်းပါတီများ စည်းရုံးရေးမဆင်းနိုင်ကြပေ။

January 7, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးမှ...
January 7, 2026
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း...
December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...