စိုင်းဖွန်းလီ — မြန်မာနိုင်ငံတွင်ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာပြီး သေဆုံးမှုလည်းများပြားလာသည့်အတွက် ကျေးလက်နေလူထု ကျန်းမာရေးအလေးထားကာ မိမိထိန်းချုပ်လှုပ်ရှားရာဒေသ ကျေးလက်များအတွင်း ပြင်ပလူ၀င်ထွက်သွားလာမှုကိုဟန့်တားထားကြောင်း RCSS/SSA က ကြေညာချက်တစောင်ထုတ်ပြန်လိုက်သည်။
အချက် ၆ ချက်ပါ RCSS/SSA ၏ အဆိုပါကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ကြေညာချက်ကို အောက်တိုဘာလ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမည့်ပါတီများအနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပြန်သော စည်းကမ်းချက်များအတိုင်း တိတိကျကျလိုက်နာရန် ဟူသောအချက်ပါရှိပါသည်။
၄င်းနှင့်ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးက- “ကိုဗစ်-၁၉ ရောဂါကူးစက်မှုက အရမ်းပြင်းထန်နေပါတယ်။ ကျေးလက်ရပ်ရွာထဲကွင်းဆင်းစည်းရုံးရေးဆင်းမယ့်ပါတီတွေအနေနဲ့လည်း လူထုရဲ့ ကျန်းမာရေးကိုအဓိက အလေးထားရမယ်။ ကွင်းဆင်းမှစည်းရုံးနိုင်တာမဟုတ်ပါဘူး။ အခုဆိုရင် အွန်လိုင်းကနေ စည်းရုံးရေးလုပ်နေကြတာလည်းတွေ့ရတယ်။ အခက်အခဲလေးတွေတော့ရှိမှာပေါ့နော်။ ဒါပေမယ့်အလုပ်မဖြစ်တဲ့အထိ တော့မဖြစ်ပါဘူး။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
ကြေငြာချက်တွင် RCSS/SSA ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးလက်များသို့ ပြင်ပရွာမှလူများ၀င်ရောက်ခွင့်၊ ရွာသားများရွာပြင်ထွက်ခွင့် ကို အောက်တိုဘာလ ၅ ရက်မှ ၃၁ ရက်နေ့အထိပိတ်ပင်ထားသည်။ အရေးပေါ်အခြေအနေမှသာ ရွာသားများ စုပေါင်းပြီးမှ ရွာပြင်ထွက်နိုင်ကြောင်းလည်း ဒု ဗိုလ်မှူးကြီးအုမ်ခေးကပြောသည်။
မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းလုံက – “အရင်တုန်းကတော့ စည်းရုံးရေးဆင်းမယ်ဆိုရင် သူတို့ (RCSS/SSA )ကို အကြောင်းကြားပါ လို့စာစောင်ထွက်ထားတော့ ကျနော်တို့လည်းစာတင်ပြီးမှ စည်းရုံးရေးဆင်းခဲ့ပါတယ်။ မိုင်းကိုင်မှာ အွန်လိုင်းကနေစည်းရုံးရေးလုပ်တာတော့မရှိသေးပါဘူး။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
၄င်းနှင့်ပတ်သက်ပြီး တအာင်း TNP ပါတီကလည်း ကျေးလက်ဒေသတချို့တွင်ဖုန်းလိုင်းမရှိသေးသဖြင့် အွန်လိုင်းမှ စည်းရုံးရေးလုပ်ရန်မလွယ်ကူကြောင်းသျှမ်းသံတော်ဆင့်အားပြောသည်။
မိုင်းကိုင်မြို့နယ် တအာင်း TNP ပါတီဉက္ကဌ မိုင်းနုမ်ဟန် က -“ ဟုတ်တယ် ဒီ ၃-၄ ရက်အတွင်း သူတို့ရဲ့ ကျန်းမာရေးပညာပေးအဖွဲ့က ပြောလာတယ်။ ကျနော်တို့စည်းရုံးရေးဆင်းမယ်ဆိုရင်တောင်ကြီးမှာရှိတဲ့ ဆက်ဆံရေးရုံးဆီသွားပြီး ထောက်ခံစာသွားယူရမယ်တဲ့ ။ ကျနော်တို့အတွက်အခက်အခဲအရမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း ကျနော်စာတင်ထားတယ် ။ ကျနော်တို့စည်းရုံးဆင်းမယ့်ဒေသတွေမှာ တချို့ရွာတွေဆို ဖုန်းလိုင်းမမိသေးတော့ အွန်လိုင်းစည်းရုံးရေးလုပ်ဖို့မလွယ်ပါဘူး။ ရွာသားတော်တော်များများကလည်း စာပေမတတ်မြောက်ကြတော့ မဲပေးမှု ပညာပေးအတွက်က အွန်လိုင်းစည်းရုံးရေးနဲ့ လူတွေ့စည်းရုံးရေး က နားလည်မှုအရမ်းကွာခြားတယ်ခင်ဗျ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
RCSS/SSA ၏ ကြေညာချက်တွင်- ယနေ့မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်အတည်ပြုလူနာ တရက်လျှင် ၁၀၀၀ ကျော်တိုးများလာနေကြောင်း၊ ကိုဗစ်ကူးစက်မှုလျှော့ချနိုင်ရေးအတွက် ဒေသခံလူထု နေအိမ်တွင်သာနေစေလိုကြောင်း၊ RCSS/SSA အနေဖြင့်လည်း ဌာနချုပ်မှစပြီး အဆင့်ဆင့် ကိုဗစ်ကာကွယ်ရေးကော်မတီဖွဲ့စည်းထားကြောင်း၊ လူထုကျန်းမာရေးအတွက် မိမိထိန်ချုပ်ဒေသရှိကျေးရွာများအတွင်းသို့ ရွာပြင်ပမှလူများ အောက်တိုဘာလ ၅ ရက်မှ ၃၁ ရက်နေ့အထိ ၀င်ခွင့်မပြုကြောင်း၊ မဲဆွယ်စည်းရုံးရေးဆင်းမည့်ပါတီများအနေဖြင့် ကျန်းမာရေးဌာနထုတ်ပြန်ချက်အတိုင်း တိတိကျကျလိုက်နာရန်နှင့် ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် RCSS/SSA အနေဖြင့် အစိုးရ ၊တပ်မတော်နှင့်အတခြားအဖွဲ့အစည်းများနှင့်လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်- အစရှိသည့်အချက်များပါရှိပါသည်။







