လမ်း၊တံတား၊ကျောင်းမျှဖြင့် ချင်းပြည်သူများကိုမဲမဆွယ်ပါနှင့်

လမ်း၊တံတား၊ကျောင်းမျှဖြင့် ချင်းပြည်သူများကိုမဲမဆွယ်ပါနှင့်

“အနိုင်ရပါက လမ်းဖောက်ပေးမည်၊ တံတားဆောက်ပေးမည်ကျောင်းဆောက်ပေးမည် “ရွေးကောက်ပွဲကိုယ်စားလှယ်များ၏မဲဆွယ်အသံများ၂၀၂ဝရွေးကောက်ပွဲနီးလာချိန်တွင်ခပ်စိတ်စိတ်ပြန်ကြားလာရပါသည်။ ချင်းပြည်နယ်ကဲ့သို့ပြည်ထောင်စုမြန်မာနိုင်ငံ၏အဆင်းရဲဆုံးပြည်နယ်တွင်ထိုကဲ့သို့ကတိသံများကြားရသည်မှာမဆန်းပါ။ လမ်း၊တံတား၊ကျောင်း ဖွံ့ဖြိုးရေးဘတ်ဂျက်မျှဖြင့် လွတ်လပ်ရေးရပြီး ပါလီမန်ခေတ်တွင်လည်း ချင်းလူထုကိုမဲဆွယ်ခဲ့ကြပါသည်။ ၁၉၉ဝရွေးကောက်ပွဲတွင်လည်းလမ်း၊တံတား၊ကျောင်းဖွံ့ဖြိုးရေးဘတ်ဂျက်မျှဖြင့်ချင်းလူထုကိုမဲဆွယ်ခဲ့ကြပါသည်။ ၂၀၁ဝရွေးကောက်ပွဲတွင်လည်းကောင်း၊ ၂၀၁၅ရွေးကောက်ပွဲတွင်လည်းလမ်း၊ တံတား၊ ကျောင်း “စည်ပင်ဘတ်ဂျက်မျှဖြင့်၊ဖွံ့ဖြိုးရေးဘတ်ဂျက်မျှဖြင့်“ မဲဆွယ်ခဲ့ကြပါသည်။

ဆန်းသည်မှာထိုကဲ့သို့မဲဆွယ်သူများသာဖြစ်သည်။ နိုင်ငံသားများပေးဆောင်သောအခွန်ငွေ၊ သံယံဇာတရောင်းရသောငွေများ၊ နိုင်ငံတကာမှချေးငွေများဖြင့်သုံးစွဲရသောအစိုးရဘတ်ဂျက်ကို ၄င်းတို့အိပ်ကပ်ထဲမှစိုက်လုပ်ပေးမည်သကဲ့သို့မဲဆွယ်ပြောဆိုခြင်း၊ အစိုးရတိုင်း၊ လွှတ်တော်အမတ်တိုင်း၏အခြေခံအကျဆုံးအလုပ်၊လုပ်ကိုလုပ်ရမည့်အလုပ်ကိုမက်လုံးကဲ့သို့မဲဆွယ်ခြင်းဖြစ်သည်။ လမ်း၊တံတား၊ ကျောင်း၊ ဆေးပေးခန်းမျှဖြင့်မဲဆွယ်လို့ရသည်ဟုအတွေးဖြင့်မဲဆွယ်ခြင်းသည်ချင်းပြည်သူလူထုကိုလည်းအထင်သေးရာရောက်ပါသည်။ "လမ်းဖောက်ပေးမည်၊တံတားဆောက်ပေးမည်ကျောင်းဆောက်ပေးမည်" ထိုမျှဖြင့်ချင်းပြည်သူများ၏မဲကိုရနိုင်သည်ဟူသည့်ခပ်လွယ်လွယ်အတွေးသည် ချင်းလူမျိုး၏ဂုဏ်ကိုပါကျဆင်းစေသောအချက်လည်းဖြစ်သောကြောင့်ချင်းပြည်သူများလက်မခံသင့်ကြောင်းအကြံပြုလိုပါသည်။

လမ်းတံတားတည်ဆောက်ခြင်းသည်မည်ကဲ့သို့အစိုးရမျိုးတွင်မဆိုလုပ်နိုင်သည့်လုပ်နေသည့်အခြေခံအလုပ်ဖြစ်ပါသည်။ တပ်မတော်အစိုးရခေတ်ကချင်းပြည်အတွက်လမ်းတံတားမလုပ်ပေးခဲ့ ဟုထောက်ပြပါကနေပြည်တော်တည်ဆောက်ရေးစီမံကိန်းကြောင့်ဟုဖြေဆိုပါရစေ။ စစ်အစိုးရခေတ်တွင်အကြီးမားဆုံးစီမံကိန်းဖြစ်သောဒေါ်လာဘီလီယံချီ ကုန်ကျပြီးအစမှအဆုံးတည်ဆောက်ရသောနေပြည်တော်မြို့တော်သစ်စီမံကိန်းကြောင့် ချင်းပြည်နယ်ပင်မဆိုထားနှင့်မြို့တော်ဟောင်း ရန်ကုန်အတွက်ပင်ထိုစဉ်က တပ်မတော်အစိုးရဘတ်ဂျက်ကောင်းကောင်းမချပေးနိုင်ခဲ့ပါ။ နေပြည်တော်ပြီးစီးပြီး၂၀၁ဝရွေးကောက်ပွဲမှတက်လာသောသမ္မတဦးသိန်းစိန်ခေတ်မှစပြီးရန်ကုန်အပါအဝင်ပြည်နယ်တိုင်းဒေသကြီးများကို ဘတ်ဂျက်ကောင်းကောင်းပြန်ချပေးလာနိုင်ခြင်းဖြစ်သည်။ NLDပါတီအစိုးရခေတ်တွင်လည်းတိုင်းဒေသကြီးနှင့်ပြည်နယ်များကိုဘတ်ဂျက်များပိုတိုး၍ချပေးလာပါသည်။

“အနိုင်ရပါကလမ်းဖောက်ပေးမည်၊တံတားဆောက်ပေးမည်ကျောင်းဆောက်ပေးမည် အစား ဥပမာ မြေလွတ်မြေရိုင်းဥပဒေနှင့်ချင်းလူထု၏တောင်ယာကိုအလွယ်တကူသိမ်းလို့ ရသောမြေယာပြသနာအရေးမျိုးကိုမည်ကဲ့သို့ဖြေရှင်းပေးမည်၊ ပလက်ဝတွင်စစ်ပွဲရပ်တည့်ရန်လွှတ်တော်တွင်ဆွေးနွေးမည်၊ အကျင့်ပျက်ခြစားမူ့မရှိအောင်မည်ကဲ့သို့ဆောင်ရွက်မည်“ စသကဲ့သို့ချင်းလူထုအတွက်အမှန်တကယ်လိုအပ်ပြီးအကျိုးရှိသောမဲဆွယ်ကတိများပေးစေလိုပါသည်။ အစိုးရဖြစ်ပါက၊ လွှတ်တော်အမတ်ဖြစ်ပါကအခြေခံအလုပ်၊ လုပ်ကိုလုပ်ရမည့်အလုပ်ဖြင့်မဲမဆွယ်ကြရန်၊ ထိုထက်ကြီးမားသေးချင်းလူထု၏နစ်နာချက်များလိုအပ်ချက်များ ကိုသာကိုင်ဆွဲပြီးမဲဆွယ်ကြပါရန်ချင်းဝေါလ်မီဒီယာမှတိုက်တွန်းရေးသားလိုက်ရပါသည်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...