ကိုဗစ်ပိုးတွေ့လူနာအချို့ကို အိမ်တွင်သာ နေထိုင်စေမည့် အစီအစဉ် စတင်ဆွေးနွေး

ကိုဗစ်ပိုးတွေ့လူနာအချို့ကို အိမ်တွင်သာ နေထိုင်စေမည့် အစီအစဉ် စတင်ဆွေးနွေး

ကိုဗစ်လူနာတွေ့ရှိရမှု အနေအထားအပေါ် မူတည်ပြီး နောက်တစ်ဆင့် နည်းဗျူဟာဖြစ်သည့် တိုင်းဒေသကြီးအစိုးရနှင့် အာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် ပိုးတွေ့လူနာအချို့ကို အိမ်တွင်သာ နေထိုင်စေမည့် အစီအစဉ်ကို စတင် ဆွေးနွေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

လက်ရှိ အနေအထားအရ ကိုဗစ်လူနာများကို ဆေးရုံနှင့် ကိုဗစ်ကုသရေး စင်တာများတွင် ထိန်းသိမ်းထားနိုင်ပြီး ဆက်လက် ဖြစ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက “အခုကတော့ ကျွန်တော်တို့ ကိုဗစ်စင်တာတွေမှာ ထားတာပေါ့နော်။ တကယ်လို့ နောက်တစ်ဆင့်ဆိုရင်တော့ ကျွန်တော်တို့က တချို့လူတွေကို နိုင်ငံတကာမှာ လုပ်သလို ကျွန်တော်တို့ အိမ်မှာ ထားဖို့ Contain at Home ပေါ့။ အဲ့ဒီကျရင်တော့ ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လုံခြုံရေးနဲ့ သေချာပေါင်းစပ်ပြီးတော့ ကျွန်တော်တို့ အဲ့ဒီလို နေနိုင်သူတွေကို အဲ့ဒီလိုထားပြီးတော့ အခက်အခဲ ရှိတဲ့သူ တွေကို အခု ကိုဗစ်စင်တာတွေမှာ ထားပြီးကုသဖို့ ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံတော်အနေနဲ့၊ ဗဟို ကိုဗစ်ကော်မတီအနေနဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၂ ရက်နေ့က နိုင်ငံပိုင်ရုပ်သံတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများသို့ ကိုဗစ်သံသယလူနာ ရောက်ရှိမှု များပြားလာသကဲ့သို့ စစ်ဆေးတွေ့ရှိရသည့် ပိုးတွေ့လူနာလည်း များပြားလာပြီး ဆေးရုံကြီးများတွင် လက်ခံနိုင်သည့် လူနာအရေအတွက် ထက် ကျော်လွန် ရောက်ရှိနေသောကြောင့် နေရာအခက်အခဲ ကြုံနေရကြောင်း ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များထံမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ဆေးရုံကြီးများတွင် လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်ပြီး လူနာများ ရောက်ရှိလာနေသည့်အပေါ် ဆေးရုံကြီးများအတွက် အရေးပေါ်ပြုပြင်ပြောင်းလဲပြီး လိုအပ်ချက်များကို ဖြည့် ဆည်းနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် အောက်တိုဘာလ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံပြီး ဆွေးနွေးဆုံးဖြတ်ချက်ချသွားမည် ဖြစ်ကြောင်းလည်း ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောခဲ့သည်။

“တကယ်တော့ ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေ အရမ်းများလာတယ်။ ပြည့်ကြပ်လာတယ်။ တကယ်တော့ လူနာတွေအတွက်လည်း အခြေအနေက နေရထိုင်ရခက်မယ့် အနေအထားဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ မနေ့က အရေးပေါ် စီစဉ်ဆောင်ရွက်ပြီးတော့ အသက်သာဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပါတယ်။ ဒီနေ့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ အစည်း အဝေး လုပ်ဖို့ရှိပါတယ်။ ဒီကထွက်လာတဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ ပိုမိုကောင်းမွန်အောင် အစွမ်းကုန်ဆောင်ရွက်ကြမှာဖြစ်ပါတယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးတွေ့လူနာ တွေ့ရှိရမှု များပြားလာခြင်းမှာ ဓာတ်ခွဲခန်းများတွင်သာမက ကိုဗစ်ရှိ၊ မရှိ အမြန်စစ်ဆေးနိုင်သော Test Kit များကိုပါ အသုံးပြုစစ်ဆေးနေပြီး စစ်ဆေးမှုအား များပြားလာသည့် အတွက် ဖြစ်ကြောင်း ဒေါက်တာ ဇော်ဝေစိုးက သုံးသပ်ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့ တစ်ရက်တည်း၌ ပိုးတွေ့လူနာ တစ်ထောင်ကျော်အထိ တွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှ လူနာ ၈၆ဝ အထိ တွေ့ရှိခဲ့သည်။

အောက်တိုဘာလ ၂ ရက်နေ့ ည ၈ နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဓာတ်ခွဲနမူနာပေါင်း သုံးသောင်းကျော် စစ်ဆေးထားသည့်အနက် ကိုဗစ်ပိုးတွေ့လူနာ ၁၅၅၂၅ ဦးတွေ့ရှိထားပြီး သေဆုံးသူ ၃၅၃ ဦးရှိကာ ဆေးရုံဆင်းခွင့်ရသူ ၄၃၇၈ ဦးရှိပြီဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...