mVoter 2020 အပလီကေးရှင်းတွင် လူမျိုးနှင့်ဘာသာ အချက်အလက်များ ပယ်ဖျက်ရန် Justice For Myanmar တောင်းဆို

mVoter 2020 အပလီကေးရှင်းတွင် လူမျိုးနှင့်ဘာသာ အချက်အလက်များ ပယ်ဖျက်ရန် Justice For Myanmar တောင်းဆို

မဲဆန္ဒရှင်များကို အသိပညာပေးသည့် mVoter 2020 အပလီကေးရှင်းတွင် လူမျိုးနှင့် ကိုးကွယ်မှုဘာသာဆိုင်ရာ အချက်အလက် အားလုံးကို ချက်ချင်းပယ်ဖျက်ပေးရန် Justice For Myanmar အဖွဲ့က တောင်းဆိုလိုက် သည်။

ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ၏ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ၊ ၎င်းတို့ မိခင်နှင့် ဖခင်တို့၏ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာများကို အလေးပေးဖော်ပြသည့် မြန်မာရွေးကောက်ပွဲ မိုဘိုင်း အပလီကေးရှင်းမှ တဆင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်များသည် ရိုဟင်ဂျာ (မူရင်း) အမှတ်လက္ခဏာ ပယ်ဖျက်ခြင်းတွင် ကြံရာပါအနေဖြင့် ပါဝင်နေပြီး လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒကို သွေးထိုး လှုံ့ဆော်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေသည်ဟု Justice For Myanmar ၏ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် စတင်ခဲ့သည့် mVoter 2020 အပလီကေးရှင်းအတွက် အထောက်အပံ့ပေးသည့် ဥရောပသမဂ္ဂ၊ IDEA နှင့် အာရှဖောင်ဒေးရှင်းတို့ကိုလည်း Justice For Myanmar က ရှုတ်ချထားသည်။

“ဖြစ်သင့်တာက ကိုယ်စားလှယ်လောင်းတွေကို သူတို့ရဲ့ ယဉ်ကျေးမှုနောက်ခံ ဒါမှမဟုတ် ဘာသာရေးယုံကြည်မှု အပေါ်မှာ အခြေခံစဉ်းစားမယ့်အစား သူတို့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ နိုင်ငံရေးလမ်းကြောင်း အပေါ်မှာ အခြေခံ စဉ်းစားဖို့ ဦးတည်သင့်ပါတယ်။ mVoter 2020 အပလီကေးရှင်းက မဲဆန္ဒရှင်တွေ အလွန်လိုအပ်နေတဲ့၊ မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေကို လက်လှမ်းမီရရှိအောင် လုပ်ပေးရမယ့်အစား ရွေးကောက်ပွဲ ကာလ အတွင်း လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အမျိုးသားရေးဝါဒကို လှုံ့ဆော်မယ့် အန္တရာယ်ရှိစေပါတယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ လူမျိုး၊ ဘာသာ အချက်အလက်တွေကို ထုတ်ပြန်တာဟာ မြန်မာနိုင်ငံမှာဖြစ်စေ၊ အလှူ ရှင်နိုင်ငံတွေမှာ ဖြစ်စေ မဲဆန္ဒရှင်တွေအတွက် လက်ခံနိုင်စရာမရှိပါဘူး” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

mVoter 2020 အပလီကေးရှင်းတွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆၉၆၆ ဦး၏ ကိုယ်ရေးအချက်အလက်များနှင့် ဓာတ်ပုံများ၊ ရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေးပါတီ ၉၂ ပါတီ၏ သတင်းအချက်အလက်များ၊ ရွေးကောက်ပွဲနေ့နှင့် မဲပေးနည်းအဆင့်ဆင့် ဆိုင်ရာအချက်အလက်များ၊ ပယ်မဲနှင့် ခိုင်လုံမဲ နမူနာများ၊ မဲစာရင်း၊ ကိုယ်စားလှယ် လောင်း များ၊ စောင့်ကြည့်လေ့လာရေး အပါအဝင် မဲဆန္ဒရှင်များမှ မေးလေ့မေးထရှိသော မေးခွန်းနှင့် အဖြေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော သတင်းနှင့် ကြေညာချက်များ ပါဝင်သည်။

ထို့အပြင် နိုင်ငံရေးပါတီများ နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ပါတီ မူဝါဒသဘောတရားများ မထုတ်လွှင့်မီ ဆင်ဆာဖြတ်တောက်မှုများကိုလည်း ကန့်ကွက်ရန်လိုကြောင်း၊ ဤဆင်ဆာဖြတ်တောက်မှုသည် ရွေးကောက်ပွဲ အတွက် အလွန်အရေးပါသော ဒီမိုကရေစီနည်းကျနိုင်ငံရေး ဆွေးနွေးငြင်းခုန်မှုကို ထိခိုက်စေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Justice For Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရေး စည်းရုံးလှုံ့ဆော်နေသည့် အဖွဲ့ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေးရှုလျက် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...