သျှမ်းပြည်ဝင်မည့် ကားသမားများ ကို test kits ၃၀၀၀ စတင် စစ်ဆေးသွားမည်

သျှမ်းပြည်ဝင်မည့် ကားသမားများ ကို test kits ၃၀၀၀ စတင် စစ်ဆေးသွားမည်

နန်းဆိုင်ဖူး — သျှမ်းပြည်တွင်း ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ယာဉ် နှင့် ယာဉ်နောက်လိုက်များကို test kit အခုရေ (၃၀၀၀) အသုံးပြုပြီး အောက်တိုဘာ ၃ရက် တွင် စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂ ရက်နေ့မှာ ကုန်တင်ယာဉ်မောင်းများ ပိတ်မိနေသည့် သျှမ်းမြောက် နှင့် သျှမ်းတောင်များကို အောက်တိုဘာ ၃ ရက် မှ စတင်ကာ test kits နှင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလမ်းပေါ် ပိတ်မိနေတဲ့ ယာဉ်တွေက ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တွေကို စစ်ပေးမယ်။ Negative ဆိုရင် ခရီးသွားထောက်ခံချက်ထုတ်ပေးပြီးတော့ ဆက်သွားလို့ရမယ်။ နက်ဖန်လောက်စစ်နိုင်မယ်။ စစ်ဆေးဖို့အတွက် စီစဉ်နေတယ်။ ပစ္စည်းက ဒီနေ့ညနေ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။” ဟု သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး သျှမ်းပြည်အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်းဝင်ရောက်ပါက ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က (၂) ပတ်အတွင်း ထုန်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း (Negative) ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ဖြတ်သန်းခွင့်ပြု မည်ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

“နောင်ချိုမှာ ကုန်ကားသမား အချို့ ပိတ်မိတယ်လို့ ကြားတယ်။” မူဆယ် ကားဆရာ တစ်ဦး ကပြောသည်။

သျှမ်းပြည်တောင်ပိုင်းအတွက် test kits (၇၅၀) ရရှိထားပြီး သျှမ်းပြည်မြောက်ပိုင်းအတွက် test kit (၂၂၅၀) ခု ရရှိထားကြောင်း သိရသည်။

“ခု လောလောလတ်လတ်ပိတ်မိနေတာကတော့ သျှမ်းတောင် လမ်းကြောင်းရှိတယ်။ သျှမ်းမြောက်လမ်းကြောင်းရှိတယ်။ သျှမ်းမြောက်လမ်းကြောင်းမှာ အဓိက ပိတ်မိနေတာက ချင်းရွှေဟော် မှာ ပိတ်နေမယ်။ မူဆယ်ဘက်မှာလည်း ပိတ်နေနိုင်တာပေါ့။ ဆိုတဲ့ခါကျတော့ အဲ့ဒီလမ်းပေါ်မှာ ပိတ်မိနေတဲ့ ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေကို ပထမ ဦးဆုံး စစ်ပေးမှာ။” ဟု ဒေါက်တာမျိုးထွန်း ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားကျေးရွာမှာ စက်တင်ဘာ (၂) ရက်နေ့တွင် မိတ္တီလာ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်တွင် ဝင်လာမည့် ကုန်တင်ကား ၁၀၀ ကျော် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။

“ကျနော်တို့ ပြည်နယ်ကို ဒီရောဂါကြီး အုံလိုက်ကျင်းလိုက်မဖြစ်အောင် ကျနော်တို့လည်း ဝိုင်းထိန်းနေကြတယ်။ ကုန်ကားတွေကို လုပ်တယ်ဆိုတာကလည်း ကုန်စည်စီးဆင်းမှုကို ကန့်သတ်တာမဟုတ်ဘူး။ အဓိက ကျန်းမာရေး ရှုတောင့်ကနေလုပ်နေတာ။ ကုန်တင်ကားသမားတွေ ယာဉ်နောက်လိုက်တွေ နားလည်ပေးဖို့လည်း လိုပါတယ်။” ဟု ဒေါက်တာမျိုးထွန်း ကပြောသည်။

Rapid test kits သည် ကိုဗစ် -၁၉ ပိုး ရှိ/မရှိ စစ်ဆေးမှုကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စတင်အသုံးပြု ဆောင်ရွက်နေပြီဖြစ်ပြီး နာရီဝက်အတွင်း အဖြေရရှိနိုင်သည်ဟု သိရသည်။

စက်တင်ဘာ ၂၉ ရက်နေ့က မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကား သမားတစ်ဦးထံ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...