တန်းခိုးဆရာထွန်း တစ်သက်တာ စာပေဆုကို ရခိုင် နက္ခတ်ဗေဒနှင့် ဗေဒင်ပညာရှင် ဆရာကြီး ဦးအောင်ချစ်က ရရှိခဲ့ပြီး ဂီတစာဆိုဆုကို ရခိုင်ဂန္ဓဝင်၊ ရိုးရာနှင့် စတီရီယို သီချင်းပေါင်း ၃၀၀ ကျော်ကို ရေးစပ်ခဲ့သူ ဆရာ ကိုသန်းမောင်က ရရှိခဲ့သည်။
၎င်းပြင် ကဗျာဆုကို မောင်ကြီး(ဖွံ့ဖြိုးရေးသိပ္ပံ) ကလည်းကောင်း၊ ၀တ္ထုဆုကို ကျောက်ဖြူမြို့နယ်မှ မျိုးဆက်သစ် ကလောင်ရှင် ကြည်ပြာမောင် (သဇင်မြေ) ကလည်းကောင်း၊ ဆောင်းပါးဆုကို ပေါက်တောမြို့နယ်မှ မျိုးဆက်သစ်ကလောင်ရှင် မင်းစောကလည်းကောင်း အသီးသီးရရှိခဲ့သည်။
“တန်းခိုး ဆရာထွန်းဆိုလို့ရှိရင် စာဆိုတော်အနေနဲ့ ငါတို့မှာ ၁၁၄၆ ကစပြီး ပျက်စီးသွားခဲ့တဲ့ ရခိုင်ယဉ်ကျေးမှုတွေကို ဖေါ်ထုတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ တိမ်မြုပ်နေတဲ့ ရခိုင်စာပေ၊ ယဉ်ကျေးမှုတွေကို အင်္ဂလိပ်ခေတ်မှာ ဖေါ်ထုတ်ခဲ့တဲ့အတွက် တန်းခိုးဆရာထွန်းကို ဂုဏ်ပြုပြီး အခုလိုချီးမြှင့်တဲ့ ဆုကို ရရှိတဲ့အတွက် ၀မ်းလည်း ၀မ်းမြောက်တယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ရခိုင်တစ်ပြည်လုံးအတွက် ရခိုင်သူ ရခိုင်သားတွေအတွက် ဂုဏ်ယူတယ်”ဟု ဆရာကြီး ဦးအောင်ချစ်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
တန်းခိုးဆရာထွန်းသည် တန်းခိုးကျေးရွာ အပါအဝင် ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုတည်း အတွက်သာ ရွက်ဆောင်ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ် မဟုတ်ဘဲ ရခိုင်တစ်ပြည်လုံးအတွက် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ ရသများကို ဖေါ်ထုတ်ခဲ့သည့် ပုဂ္ဂိုလ်မျိုးဖြစ်သည့်အတွက် အစဉ်အလာမပျက်အောင် ဆက်လက်ပြီး တန်းခိုးဆရာထွန်း စာပေဆုပွဲကို နှစ်စဉ် ပြုလုပ် ကျင်းပ သင့်ကြောင်း၊ တန်းခိုးဆရာထွန်း ဆုကို နှစ်စဉ် ချီးမြှင့်နိုင်စေရန်လည်း ဆုမွန်ကောင်းတောင်းပါကြောင်း ဆရာကြီး ဦးအောင်ချစ်က ပြောကြားသည်။
ဂီတစာဆိုဆုရရှိသူ ဆရာ ကိုသန်းမောင်ကလည်း သူ့အား ယခုကဲ့သို့ ဂီတစာဆိုဆု ချီးမြှင့်ခြင်းကို မယုံကြည်မိလောက်အောင် ခံစားရသည်ဟု ဆိုသည်။
“အခုလို ကျွန်တော့်ကို ဆုချီးမြှင့်တယ်ဆိုလို့ ယုံတောင်မယုံကြည်နိုင်လောက်အောင် ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူများလူမျိုးတွေမှာ ဂီတတွေထွန်းကားတယ်၊ ခေတ်ပေါ်ပဲဆိုဆိုပေါ့။ ကျွန်တော့်အနေနဲ့လည်း ခေတ်ပေါ်ကို စခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ ရိုးရာကို မပျောက်ပျက်အောင် ဆိုပြီးတော့ ကျွန်တော်က မိုနိုဘက်ကို အားစိုက်ပြီး လုပ်ပေးနေတယ်။ အမှန်တကယ် ပြောရရင် ကိုယ်တို့ရဲ့ ရိုးရာသံစဉ်တွေဟာ အဖေအမေနဲ့တူတယ်၊ ခေတ်ပေါ်သီချင်းတွေဆိုတာကတော့ ကိုယ်တို့မှာ သူငယ်ချင်း အဆင့်လောက်ပဲ ရှိပါတယ်။ ဒီလိုမျိုး ကိုယ့်ရိုးရာသီချင်းတွေကို တန်ဖိုးထား ရေးစပ်နေတဲ့ ကျွန်တော့်ကို ဂီတစာဆိုဆု ချီးမြှင့်တဲ့အတွက် အားရ ဂုဏ်ယူမိပါတယ်”ဟု ဆရာ ကိုသန်းမောင်က ပြောသည်။
ကိုယ့်အမျိုးဘာသာ သာသနာဆိုရာ၌ ကိုယ့်ရိုးရာဂီတကို မမေ့ပျောက်ခြင်းသည် တန်ဖိုး အလွန်ကြီးမားကြောင်း၊ ဂီတာတီးခတ်ရုံဖြင့် ရခိုင်လူမျိုး မြင့်သွားခြင်းမျိုး မဟုတ်ကြောင်း၊ သူများလူမျိုးနှင့် မတူသည့် စကား၊ သံစဉ်၊ အနုပညာများကို ဖေါ်ထုတ်နိုင်မှ ရခိုင်ဆိုသည်မှာ ထူးထူးခြားခြား တည်ရှိနေမည်ဟု ယုံကြည်ကြောင်း သူ၏ ရခိုင်ရိုးရာဂီတ သံစဉ်များကို မြတ်နိုးတန်ဖိုးထားမှုနှင့်ပတ်သက်၍ ပြောကြားသည်။
သူက ဆက်လက်၍ “ကျွန်တော့်အနေနဲ့ အသိအမှတ်ပြုမှုကို လိုလားပါတယ်။ ဒီလိုမျိုး ဆုချီးမြှင့်တဲ့ အတွက်တည်း အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေမှာ အသိအမှတ်ပြုမှု တော်တော့်ကို အားနည်းကြတယ်။ အခု ကျွန်တော့်အနေနဲ့ ဂီတလောကမှာ အနှစ် ၄၀ ကျော် ရင်းနှီး မြှုပ်နှံလာပြီးမှ ပထမဆုံး အသိအမှတ်ပြု ခံရခြင်းဖြစ်ပါတယ်။ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုတဲ့အဆင့် ရောက်ရှိဖို့ကတော့ သိပ်လိုပါသေးတယ်”ဟု ဆရာကိုသန်းမောင်က ပြောသည်။
စာရေးဆရာ မောင်ကြီး (ဖွံ့ဖြိုးရေးသိပ္ပံ) သည် တန်းခိုးဆရာထွန်း စာပေဆုအတွက် ကဗျာဆုကို ၃ နှစ် ဆက်တိုက်ရရှိခဲ့သူဖြစ်ပြီး၊ ကြယ်ပြာမောင် (သဇင်မြေ) မှာလည်း တန်ခိုးဆရာထွန်း စာပေဆုအတွက် ၀တ္ထုဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့သူဖြစ်သည်။
တန်းခိုးဆရာထွန်းစာပေဆုအတွက် ယခင် တစ်သက်တာ စာပေဆုရရှိထားသူများမှာ ဆရာတော် အရှင်ဝါသဝ၊ အရှင် စက္ကိန္ဒတို့ဖြစ်ပြီး ဂီတစာဆိုအတွက် ယခင်ဆုရရှိထားသူများမှာ ဆရာဒိုးမောင်၊ ဆရာဦးမောင်သန်းနှင့် ဒိုးအ်ရီတို့ဖြစ်ကြောင်းသိရသည်။
ပဥ္စမအကြိမ်မြောက် တန်ခိုးဆရာထွန်းစာပေဆုပေးပွဲအခမ်းအနားကို ဆုကျင်းပရေးကော်မတီဥက္ကဋ္ဌက ဆီမီးထွန်းညှိဖွင့်လှစ်လိုက်ပြီး၊ ရတုနှင့် အဆို အကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြသည်။
တန်းခိုးဆရာထွန်းဆုကို ချီးမြှင့်ရခြင်းမှာ အင်္ဂလိပ်ခေတ်က ရခိုင်ဂန္ဓဝင် စာရေးဆရာ တန်းခိုးဆရာထွန်းကို ဂုဏ်ပြုလိုခြင်းနှင့် မျိုးဆက်သစ် စာရေးဆရာများပေါ်ထွန်းရေးအတွက် ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီက ပြောကြားသည်။
မတ်လ ၁၇ ရက်နေ့ညက ပြုလုပ်သော တန်းခိုးဆရာထွန်း ဆုပေးပွဲအခမ်းအနားသို့ ဆရာတော်အရှင် စက္ကိန္ဒ၊ သူမြတ် မဟာအောင်မြေ၊ စစ်တွေသိန်းနောင်၊ ဆရာညိုသန့်နှင့် ရခိုင်နာမည်ကြီးစာရေးဆရာများ အပါအဝင် စုစုပေါင်း လူ ၆၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ယင်းတန်းခိုးဆရာထွန်း စာပေဆုပေးပွဲ အခမ်းအနားတွင် သူမြတ် မဟာအောင်မြေက အရှေ့ဘက်တွင် ၀င်သည့်နေ ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့သည်။







