ရွေးကော်က ပြည့်သူ့ပါတီ မူဝါဒ ဆင်ဆာဖြတ်တောက်၍ ရုပ်သံထုတ်လွှင့်မှုမလုပ်ရန်ဆုံးဖြတ်

ရွေးကော်က ပြည့်သူ့ပါတီ မူဝါဒ ဆင်ဆာဖြတ်တောက်၍ ရုပ်သံထုတ်လွှင့်မှုမလုပ်ရန်ဆုံးဖြတ်

နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးမည့် ပြည်သူ့ပါတီ၏ မူဝါဒ၊ သဘောထားကို ဖြတ်တောက်၊ တည်းဖြတ်ခြင်းကြောင့် အလှည့်ကျ ထုတ်လွှင့်ပေးမည့် အစီအစဉ်များတွင် လုံးဝပါဝင်မည် မဟုတ်ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်ကြေညာလိုက်သည်။

ပြည်သူ့ပါတီက စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင် လက်မှတ်ရေးထိုး ထုတ်ပြန်သည့် “နိုင်ငံပိုင် ရေဒီယို၊ ရုပ်မြင်သံကြားတွင် ဟောပြောထုတ်လွှင့်မည့် ပြည်သူ့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်ပါ အချက်အလက်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပယ်ဖျက်တည်းဖြတ်မှုများနှင့် ပတ်သက်သည့် ပြည်သူ့ပါတီ၏ အကြောင်းပြန်ကြားချက်” တွင် ယင်းသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လိပ်မူထားသည့် အကြောင်းပြန်ကြားချက်တွင် ပြည်သူ့ပါတီက ပေးပို့ခဲ့သည့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များအနက် စာပိုဒ် (၄) နှင့် (၅) တို့ပါ ရေးသားချက်များကို ပယ်ဖျက်၍ ဟောပြောရန် အကြောင်းကြားခဲ့သည်ဟု ဖော်ပြထားသည်။

ပယ်ဖျက်ခိုင်းသည့် စာပိုဒ် (၄) သည် ပြည်သူအများစုမှာ တုံးလုံးစာပင် ဝေး၍ မတ်တပ်စာပင် အနိုင်နိုင် ရပ်တည်နေကြကြောင်းဟူသည့် အချက်ဖြစ်ပြီး စာပိုဒ် (၅) မှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် ယှဉ်ပြိုင်ရန် အဓိက အခက်အခဲမှာ ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဘဏ်တိုးနှုန်း မြင့်မားနေခြင်းဆိုသည့် အချက်တို့ ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ယင်းသို့ ပယ်ဖျက်ခိုင်းခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တားမြစ်ချက် ကိုးချက်နှင့် ငြိစွန်းခြင်း မရှိကြောင်း၊ မည်သည့်အချက်နှင့် ငြိစွန်းနေသည်ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြန်ကြားခြင်း မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

 မဇ္ဈိမက ဖတ်ရှုရသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အကြောင်းကြားစာတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဟောပြောထုတ်လွှင့်မည့် စာပိုဒ် (၄) နှင့် (၅) ပါ ရေးသားဖော်ပြချက်များသည် “ရေဒီယိုနှင့် ရုပ်မြင် သံကြားတွင် ထုတ်လွှင့်ရမည့် ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့နှင့် ဆီလျော်ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိရပါသဖြင့် ပယ်ဖျက်၍ ဟောပြောသွားရန်” ဟု ဖော်ပြပါရှိသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ရပ်က ပြည်သူလူထုကို တင်ပြမည့် မူဝါဒ၊ သဘောထားများကို ဖြတ်တောက်ခြင်း၊ တည်းဖြတ်ခြင်းတို့သည် ပါတီစုံဒီမိုကရေစီစနစ်၏ အခြေခံ အကျဆုံး စံချိန်စံညွှန်း တန်ဖိုးထားမှုနှင့် ကျင့်စဉ်များကို ချိုးဖောက်ခြင်း ဖြစ်သည် ပြည်သူ့ပါတီက ဝေဖန်ထားသည်။

ပြည်သူ့ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၈ ခုနှစ်၊ ဩဂုတ်လအတွင်း နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုခဲ့ပြီး ပါတီဥက္ကဋ္ဌမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးကိုကိုကြီး ဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...