ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) မှ အလှည့်ကျ ကုန်သယ်ပို့ပေးမည့် ယာဉ်အစီးရေ ၅၀ ကျော် ထပ်တိုး

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) မှ အလှည့်ကျ ကုန်သယ်ပို့ပေးမည့် ယာဉ်အစီးရေ ၅၀ ကျော် ထပ်တိုး

မြန်မာဘက်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ကုန်ပို့ဆောင်ပေးမည့် ကုန်တင်ယာဉ် အစီးရေ  ၅၄ စီး ထပ်တိုး လက်ခံထားပြီး စုစုပေါင်း ယာဉ်အစီးရေ ၆ဝ နှင့် အလှည့်ကျစနစ်ဖြင့် တစ်ရက်လျှင် ပုံသေ ခြောက်စီး ကုန်စည်ပို့ဆောင် ခွင့်ပြုမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ဆိုသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်ပြီး ထိုင်းအာဏာပိုင်များ၏ သဘောတူညီချက်ဖြင့် တာချီလိတ်ခရိုင်မှ မြန်မာလိုင်စင်ဖြင့် ယာဉ်အစီးရေ ခြောက်စီး၊ မယ်ဆိုင်ဘက်မှ ထိုင်းလိုင်စင်ဖြင့် ယာဉ်အစီးရေ ခြောက်စီးကို နယ်စပ်ဂိတ်တွင် ယာဉ်မောင်းလဲလှယ်သည့် စနစ်ဖြင့် ကုန်စည်စီးဆင်းမှု အခက်အခဲ မရှိစေရန် ပြေးဆွဲစေခဲ့သည်။

ထိုသို့ ပြေးဆွဲရာတွင် ခြောက်စီးသာ ပြေးဆွဲရန် ကန့်သတ်ထားသောကြောင့် ထိုင်းလိုင်စင် ကုန်တင်ယာဉ်များကို ငှားရမ်းမောင်းနှင်နေသော မြန်မာယာဉ်မောင်းများ အလုပ်ရပ်နားရသည့် အခက်အခဲရှိခဲ့သဖြင့် မြန်မာလိုင်စင် ကုန်တင်ယာဉ် ရှိသူများ ထပ်တိုး သယ်ဆောင်စေခြင်း ဖြစ်သည်ဟု  ဦးချမ်းမြေ့စောက ပြောသည်။

“မြန်မာဘက်ကတော့ ခြောက်စီး ပုံသေပဲ သွားခဲ့တာပေါ့။ ထိုင်းဘက်ကတော့ အလှည့်ကျ လွှတ်တယ်။ ကျွန်တော်တို့ဘက်က ဒီ ခြောက်စီးပဲ နေတိုင်းဆိုတော့ ကျန်တဲ့ ကားသမားလေးတွေက အဆင်မပြေဘူး ဖြစ်တာပေါ့။ အဲဒီတော့ တံတားပေါ်က ကားသမားတွေ မြန်မာနံပါတ်ရှိရင် လာပေးပါဆိုပြီး တောင်းလိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။

ကုန်ပို့ဆောင်ခွင့်ပြုသည့် ယာဉ်များကို ကိုးရက်လျှင် ယာဉ်အစီးရေ ခြောက်စီးစီ မဲနှိုက်ကာ လဲလှယ်ပြေးဆွဲစေမည်ဖြစ်ပြီး ထပ်မံစာရင်းပေးသွင်းသည့် ယာဉ်မောင်းများကိုလည်း လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကုန်သယ်ယူပို့ဆောင်ပေးခ အနေဖြင့် ကုန်ကားများက တစ်စီးလျှင် ဘတ်ငွေ ၈၀၀ နှင့် ၁၀၀၀ ကြား၊ မြန်မာငွေနှင့်ဆိုလျှင် ကျပ် ၄ သောင်းခွဲဝန်းကျင်အထိ ရရှိကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်စပ်မှတစ်ဆင့် ယခင်က တစ်ရက်လျှင် ကုန်တင်ကား တစ်ထောင်ခန့် ဖြတ်သန်းနေရာမှာ ယခု ခြောက်စီးအထိ လျှော့ချလိုက်ခြင်းကြောင့် ကုန်သွယ်မှု ပမာဏသည် သုညနီးပါး ကျ ဆင်းသွားကြောင်း၊ ယခုအခြေအနေသည် ယာယီသာ ဖြစ်မည်ဟု ယုံကြည်ကြောင်း ထိုင်း ကုန်သွယ်ရေးဌာန၊ နည်းပညာရေးရာ ဒုတိယ ညွှန်ကားရေးမှူးချုပ် ယွန်ယပ် နက်ဒါအင်ကို ကိုးကား၍ သည်နေးရှင်း သတင်းစာက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဖော်ပြသည်။

ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးက ယခု ရင်ဆိုင်နေရသည့် ကုန်စည်စီးဆင်းမှု အကျပ်အတည်းကို ဖြေရှင်းရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံမှာ သတင်းအချက်အလက်များ တောင်းခံထားကြောင်းလည်း သိရသည်။

မယ်ဆိုင်နယ်စပ်ကိုဖြတ်၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ ၁၁ လတာအတွင်း ကုန်သွယ်မှုပမာဏာမှာ ထိုင်းဘတ်ငွေ ၁၂ ဒသမ ၂ ဘီလီယံ ရှိသည်။ ယင်းနယ်စပ်မှဖြတ်၍ လူသုံးကုန်၊ လောင် စာဆီ၊ ယမကာ၊ ဘိလပ်မြေ၊ လျှပ်စစ်ပစ္စည်း၊ အလှကုန်၊ သံမဏိထုတ်ကုန်နှင့် ချည်ထည်များ မြန်မာဘက်သို့ ထိုင်းကတင်ပို့ပြီး စိုက်ပျိုးရေးထွက်ကုန်၊ သံမဏိနှင့် ဖန်ချက်လုပ်ရာတွင်သုံးသည့် မဂ္ဂနိတ်စ် ဒြပ်စင်၊ သတ္တုတွင်း ထွက်နှင့် အလူမီနီယံတို့ မြန်မာက ထိုင်းဘက်သို့ တင်သွင်းသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...