ငြိမ်းချမ်းရေးအတွက် ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ကြမလဲ

ငြိမ်းချမ်းရေးအတွက် ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ကြမလဲ

လာမည့်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ငြိမ်းချမ်းမှုမရရှိသေးသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်သင့်သည့်အကြောင်း ကချင်လူထု၏အမြင်ကို ရွေးချယ်တင်ဆက်ထားပါသည်။

စာဂျီ

Kachin Development Network Group

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ မငြိမ်းချမ်းတဲ့ပြည်နယ်ဒေသက တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ ပိုပြီးသင့်တော်မယ်။ ဒါမှကိုယ့်နေရာမှာဘာဖြစ်တယ်ဆိုတာ တိတိကျကျပြောနိုင်တယ်။ ခံစားချက်လည်းရှိတယ်။ ကိုယ့်ဒေသကို ဘယ်လိုငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတာ ဆန္ဒလည်းပိုပြင်းပြတယ်။ ထိရောက်မှုရှိတာက ကိုယ့်ပြည်နယ်က တိုင်းရင်းသားပါတီထဲက လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးလို့ရှိရင် ပိုပြီးမှ ထိရောက်မှုရှိမယ်။ တခြားနယ်ကလူတွေက ကိုယ့်ဒေသလောက် ဘယ်သူမှမချစ်နိုင်ဘူး။ ချစ်တယ် လုပ်ပေးမယ်လို့ပြောနေတာက မူအရပဲဖြစ်မယ်။ ကိုယ့်ဒေသမှာဘာကြောင့် မငြိမ်းချမ်းသေးတာလဲ၊ ဘယ်လိုမျိုးနေရာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ လက်နက်ကိုင်တွေရှိနေသေးတဲ့ ကိုယ့်ဒေသ အခြေအနေတွေကို ကိုယ့်တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကသာ သိတယ်။ ဒါကြောင့် မိမိပြဿနာဖြေရှင်းနိုင်မယ်။ ပိုပြီးထိရောက်မှုရှိနိုင်တယ်လို့ သုံးသပ်မိပါတယ်။

အောင်မျိုးဆန်

ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူ

ငြိမ်းချမ်းရေးဖြစ်စဉ်ကို စနစ်တကျနှင့် အကောင်အထည်ဖော်နိုင်ဖို့ အောင်မြင်နိုင်ဖို့ရွေချယ်ရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကျတော့ (၁)အချက်အနေဖြင့် ကျနော်တို့တိုင်းရင်းသားတွေရဲ့ ပကတိအခြေအနေ၊ တိုင်းရင်းသားတွေရဲ့အရေးအရာ၊ ယူဆချက်တွေကို သဘောပေါက်နားလည် ကျင့်သုံးနိုင်တဲ့ အကောင်အထည်ဖော်ပေးနိုင်တဲ့သူဖြစ်ရမယ်ပေါ့။ (၂) အချက်က လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကျွန်တော်တို့သမိုင်းရော လက်ရှိအခြေအနေကိုရော ကောင်းကောင်းသုံးသပ် လေ့လာနိုင်ပြီးမှ အကောင်းဆုံးအဖြေရှာဖွေဖော်ထုတ်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးပေါ့။ (၃) အချက်က တကယ်ပဲငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထဲထဲဝင်ဝင်ပြောဆိုပေးနိုင်တဲ့၊ တကယ့်လွှတ်တော်အခင်းအကျင်းတွေမှာ ချပြပေးနိုင်တဲ့ ရဲရဲဝံ့ဝံ့ထောက်ပြပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးတွေကို ကျနော်တို့ရွေးချယ်ရမှာပေါ့။

Jacob Skylet

စစ်ရှောင်အရေးဆောင်ရွက်သူ

ငြိမ်းချမ်းရေး တိုးတက်ပြောင်းလဲနိုင်ဖို့အတွက်နဲ့ စစ်ရှောင်ပြည်သူများလိုအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အုပ်စုတစ်ခုပေါ်မှာ အမြင်အမျိုးမျိုးရှိတဲ့အဖွဲ့အစည်းတွေကို ဘယ်လိုပေါင်းစပ် ညှိနှိုင်းပေးနိုင်မှာလဲ၊ နေရပ်ပြန်ရေးနှင့် ငြိမ်းချမ်းရေးကို လွတ်တော်ထဲရောက်အောင်ဘယ်လိုတင်ပြမှာလဲ၊ ရအောင်ဘယ်လိုဆောင်ရွက်မှာလဲ ဆိုတဲ့ အမျှော်အမြင်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်တင့်တယ်လို့မြင်ပါတယ်။

ဒေါ်နန်ပူ

ထွယ်ဂျဲန်ဒါဖွဲ့ဖြိုးရေးအဖွဲ့

ကချင်ပြည်နယ်မှာတော့ ပဋိပက္ခဖြစ်နေတယ်ပေါ့နော်။ အခုစစ်ပြေးဒုက္ခသည်တွေလည်း မိမိနေရပ်ကို မပြန်နိုင်သေးဘူး။ ပြန်ဖို့ရန်လုပ်ဆောင်ပေးနေတယ်ဆိုပေမဲ့လည်း ပြန်မယ့်နေရာတွေက လုံခြုံမှုမရှိသေးဘူး။ အခြေအနေတွေမှာ ဒီလိုကိစ္စတွေကို ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားတွေ ဘယ်လောက်လုပ်ဆောင်ပေးနိုင်မှာလဲ။ အမျိုးသမီးတွေရဲ့လုံခြုံမှုတွေကိုကော ဘယ်လောက်ထိလုပ်ပေးနိုင်မှာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်နယ်တွေမှာ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ရန်အတွက် အဟန့်အတားကြီးဖြစ်နေတယ်။ ဒီ ၂၀၀၈ အခြေခံဥပဒေကိုရော ဘယ်လိုမျိုးနည်းလမ်းနှင့် လွတ်တော်ထဲကိုရောက်လာလို့ရှိရင် ပြင်ဆင်ပေးမလဲဆိုတာက သူတို့အတွက်တာဝန်ကြီးတစ်ခုဖြစ်ပါတယ်။ ဒါတွေကိုလုပ်ပေးနိုင်မယ့် ကိုယ်စားလှယ်မျိုးကိုရွေးချယ်သင့်တယ်လို့ ပြောလိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ မဲဆွယ်စည်းရုံးချိန် NLD အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မယ်၊ မြစ်ဆုံရေကာတာစီမံကိန်ကိုချပြမယ်၊ ငြိမ်းချမ်းရေးရအောင်လုပ်မယ်ဆိုပြီးမှ မဲဆွယ်စည်းရုံးပြီးမှ မဲရခဲ့တာပေါ့နော်။ အစိုးရဖြစ်တဲ့ချိန်ဒါတွေကိုတစ်ခုမှ မလုပ်ပေးခဲ့ဘူးဆိုတာကိုတွေ့ရတယ်။

ဆွတ်ဆိုင်းထွယ်

တက်ကြွလှုပ်ရှားသူ

အခု NLD အစိုးရလက်ထက်ကို ကြည့်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် တော်တော်များများက ဗဟိုချူပ်ကိုင်ခံရမှုများတယ်။ ပြီးရင် ကိုယ်ပိုင်ပြည်နယ်အကျိုးကို လုပ်နိုင်တာ အဆိုတင်သွင်းနိုင်တာရှိသော်လည်း မလုပ်ခဲ့ကြဘူး။ ဗဟိုချူပ်ကိုင်မှု အရမ်းများခဲ့တယ်။ ဆိုတော့ ဗဟိုချူပ်ကိုင်မှုမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရထားမယ်ဆို ကျွန်တော်တို့ငြိမ်းချမ်းရေးဖြစ်စဉ်က ပိုပြီးအနေအထားကောင်းလာမဲ့အနေအထားတစ်ခုတွေ့တယ်။

နောက်ပါတီတွေအားလုံးရဲ့မူဝါဒမှာဆို ပြည်ထောင်စုစနစ်ကိုဖော်ဆောင်မယ်။ ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ်ဆိုတဲ့ မူဝါဒကိုတွေ့နေရတယ်။ လူတိုင်းမှာ ဒီလိုမျိုးပါတီ မူဝါဒတွေရှိပေမဲ့လည်း တကယ်လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အချိန်မှာ ဘယ်လိုလဲဆိုတဲ့ဟာက ပြည်သူတွေစောင့်ကြည့်ရမှာဖြစ်တယ်။ လွန်ခဲ့တဲ့အချိန် NLD အစိုးရလက်ထက်ဆိုရင် ငြိမ်းချမ်းရေးသာမက တိုင်းရင်းသားအရေးတွေကို ပိုပြီးမှ ဆောင်ရွက်မယ်ဆိုခဲ့ပေမယ့် တကယ်အစိုးရဖြစ်လာတဲ့အချိန် ဒါတွေအရမ်းအားနည်းနေတယ်။ ဒါကြောင့် အခုလာမည့်အစိုးရ သက်တမ်းမှာဆိုရင် တကယ်ပဲငြိမ်းချမ်းရေးကို လိုလားတဲ့ ကိုယ်စားလှယ်တွေ တက်လာဖို့အရေးကြီးပါတယ်။ ဒါမှလည်း လွှတ်တော်ထဲပြောရေး ဆိုရေး လုပ်သင့်တာတွေကို လုပ်သွားမယ်လို့ သုံးသပ်ပါတယ်။

ဘရန်ကြွယ်

လူငယ်အရေးတက်ကြွလှုပ်ရှာသူ

တိုင်းရင်းသားပါတီတွေရဲ့အခန်းကဏ္ဍာအရေးကြီးတယ်လို့မြင်မိတယ်။ ဘာလို့လဲဆို တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲမှာ အနိုင်ရရင် ကျွန်တော်တို့ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပိုပြီးပါဝင်နိုင်မယ်။ UPDJC မှာ ၁၅ နေရာ နိုင်ငံရေးပါတီတွေအတွက် ရှိပါတယ်။ အဲဒီ ၁၅ နေရာမှာ ကိုယ်တွေရဲ့တိုင်းရင်းသားပါတီ လွှတ်တော်အမတ်တွေ အနိုင်ရရင် အဲဒီနေရာမှာ နေရာရမှာဖြစ်တယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီလို့ပြောလိုက်ရင် သတိထားဖို့လိုတာက တကယ်ပဲ ကိုယ့်ပြည်နယ်အတွက် ငြိမ်းချမ်းရေးကိုလိုလားတဲ့ နိုင်ငံရေးပါတီတွေဖြစ်သလားဆိုတာကို လူထုက ရွေးချယ်တတ်ဖို့ လိုပါမယ်။

Most read this week

May 17, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်...
May 16, 2024
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 15, 2024
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...