COVID-19 ကူးစက်မှုများ လျှော့ချနိုင်ရန် ပုဂ္ဂလိက ဘဏ်ခွဲအချို့ကို ပိတ်ထား

COVID-19 ကူးစက်မှုများ လျှော့ချနိုင်ရန် ပုဂ္ဂလိက ဘဏ်ခွဲအချို့ကို ပိတ်ထား

COVID-19 ဒုတိယလှိုင်းကြောင့် ကူးစက်မှု၊ ထိတွေ့မှုများ လျှော့ချနိုင်ရန် ပြည်တွင်း ပုဂ္ဂိလကဘဏ် အများစုက ဘဏ်ခွဲအချို့ကို ပိတ်ထားကြောင်း သိရသည်။

ဘဏ်ခွဲများကို ခေတ္တပိတ်မည်ဆိုပါက ဗဟိုဘဏ်ကို တင်ပြရမည်ဖြစ်ပြီး ငွေကြေးလည်ပတ် စီးစင်းမှုကိုလည်း မထိခိုက်စေရန် အစီအမံများ ဆောင်ရွက်ထားကြောင်း ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက ပြောသည်။

“ဗဟိုဘဏ်မှာလေ ဘယ်ဘဏ်တွေ ပိတ်တယ်၊ ဘယ်လိုတွေရှိတယ်၊ တရားဝင်ဇယားကြီး ကျွန်မတို့မှာ အများကြီးရှိတယ်။ ဘဏ်တိုင်းက တော်တော်များများ ပိတ်ပါတယ်။ တချို့ဟာတွေ၊ မလိုအပ်တဲ့နေရာတွေ” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက မဇ္ဈိမသို့ ပြောသည်။

အကယ်၍ နယ်ဘဏ်ခွဲများတွင် အခက်အခဲရှိခဲ့လျှင် မြန်မာ့စီးပွားရေးဘဏ်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ခြင်းကြောင့် ငွေကြေးအခက်အခဲလည်း ဖြစ်မည်မဟုတ်ကြောင်း သူမက ရှင်းပြသည်။

ပြည်တွင်းဘဏ်များထဲတွင် ဘဏ်ကြီးတစ်ခုဖြစ်သည့် ဧရာဝတီဘဏ်က ဘဏ်ခွဲပေါင်း ၂၀၀ ကျော် ရှိသည့်အနက် ရန်ကုန်မြို့ထဲမှ ဘဏ်ခွဲ ၄၃ ဘဏ်ကို ခေတ္တပိတ်ကြောင်း တရားဝင်ကြေညာထားသည်။

“ဆေးဝါးလုပ်ငန်းတို့လိုပဲ ကျွန်တော်တို့က လုံးဝ ပိတ်လို့လည်း မရဘူးပေါ့။ လောလောဆယ် ကာလမှာ ဘဏ်ဝန်ထမ်းတွေက ဆောင်ရွက်နေရတဲ့ ကာလလည်းဖြစ်နေတော့ အဓိကတော့ ထိတွေ့မှု အနည်းဆုံးဖြစ်အောင် လူလည်းလျှော့သလို မြို့နယ်ထဲမှာလည်း တူနေတဲ့ဘဏ်တွေကို လျှော့ချချင်တဲ့ ရည်ရွယ်ချက်ပါ” ဟု ဧရာဝတီဘဏ်၏ သတင်းပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ဦးကျော်ဇောဟန်က ပြောသည်။

ဧရာဝတီဘဏ်အနေဖြင့် မြို့နယ်တစ်ခုတည်းတွင် ဘဏ်ခွဲ နှစ်ခု၊ သုံးခု ရှိနေခြင်းကြောင့် ထိတွေ့မှု လျော့စေရန် ဤသို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ ဘဏ်ခွဲတိုင်းတွင် ATM ငွေထုတ်စက်ကို ငွေအမြဲဖြည့်ပေးထားမည် ဖြစ်ပြီး ဘဏ်ကို လာရောက်သည့် ဖောက်သည်များကိုလည်း ခြောက်ပေစီခြားစေပြီး ဝန်ဆောင်မှုပေးမည်ဟု ဦးကျော်ဇောဟန်က ပြောသည်။    

ကမ္ဘာ့ရတနာဘဏ် (GTB) ကလည်း အရေးမကြီးသော ဘဏ်ခွဲအချို့ကို ပိတ်ထားပြီး ဝန်ထမ်း ၃၀ ရာခိုင်နှုန်းကို နေအိမ်တွင် နေစေကြောင်း သိရသည်။

GTB ဘဏ် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ လှညွန့်က “ဒါပေမယ့် ဒီဘဏ်ပိတ်လိုက်လို့ အဲဒီမြို့နယ်မှာ တခြားဘဏ်တွေကလည်း တာဝန်လွှဲယူရတာပေါ့။ လူတွေလည်း သိပါတယ်။ တစ်ဘဏ်တည်းကို ပြုံတိုးသွားမှာ မဟုတ်ဘူးလေ။ ပြောချင်တာက ဒီလိုဖြစ်နေတဲ့ အခြေအနေက ဖြစ်နေပြီဆိုတော့ အားလုံး ငွေလွှဲတာတို့၊ ငွေပို့တာတို့က အွန်လိုင်းက သွားတာလေ” ဟု ပြောသည်။  

ထို့ကြောင့် မလိုအပ်ဘဲ ငွေကြေးကိုင်ခြင်း၊ ဘဏ်များတွင် စုပြုံတိုးခြင်း မလုပ်ဘဲ အွန်လိုင်းဘဏ်စနစ်၊ အွန်လိုင်းငွေပေးငွေယူ စနစ်များကို အဓိကသုံးကြရန် သူက တိုက်တွန်းသည်။

COVID-19 ကူးစက်လူနာဦးရေ မြင့်တက်လာခဲ့ပြီးနောက် စက်တင်ဘာ ၂၀ ရက်နေ့ နောက်ပိုင်း ကိုကိုးကျွန်းမှအပ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် အပြင်မထွက်ကြဘဲ အိမ်မှာတွင် Stay at Home လုပ်ရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားထားသည်။  

သို့သော် အများပြည်သူနှင့် သက်ဆိုင်သော ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နှင့် ဆေးဝါးလုပ်ငန်းများကမူ လှုပ်ရှားသွားလာခွင့် ရှိသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...