၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ တချို့ ဆိုင်းဘုတ်များ သျှမ်းပြည်အတွင်း မြို့နယ်တချို့တွင်ဖျက်ဆီးခံနေရကြောင်းသိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၈ ရက် ညပိုင်းက မိုင်းကိုင်မြို့နယ် အတွင်း တအာင်းအမျိုးသားပါတီ TNP ဆိုင်းဘုတ် (၃)နေရာ နှင့် သီပေါမြို့ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခံနေရခြင်းဖြစ်ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။
မိုင်းကိုင်မြို့ တွင် ဖျက်ဆီးခံရသည့် TNP ပါတီ ဆိုင်းဘုတ် ၃ နေရာရှိကြောင်း၊ မြွေတော် ဘုရားရှေ့ ၊ ဟမ်းငိုင်းကျေးရွာ နှင့် ပန်ကေတု ကျေးရွာရှိ ဆိုင်းဘုတ်များဖြစ်ကြောင်း မိုင်းကိုင်မြို့ TNP ပါတီဥက္ကဌ မိုင်းနုမ်ဟန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။
“ ဆိုင်းဘုတ် ၃ နေရာလုံးက မနေ့က ည မှာဖျက်ဆီးခံရတာပါ။ မြွေတော်ဘုရားရှေ့မှာ ဆိုရင် TNP ရှိမယ်။ တခြားပါတီကြီးတွေလည်းရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပါတီဆိုင်းဘုတ်ကိုပဲ ဖျက်ဆီးခဲ့တာ။ လုံးဝ ကြည့်မရအောင် ဖျက်ဆီးခဲ့တာ။ တော်တော်ရုပ်ဆိုးတယ်။ကျန် (၂)နေရာကတော့ တိုင်ပါ နှုတ်ယူသွားတယ်” ဟု မိုင်းနုမ်ဟန် က ပြောသည်။
မိုင်းကိုင်မြို့အတွင်း TNP ပါတီက ဆိုင်းဘုတ် ၇ နေရာ စိုက်ထူထားပြီး၊ လက်ရှိမှာ (၃)နေရာ ဖျက်ဆီးခံထားရကြောင်း မိုင်းနုမ်ဟန် က ပြောသည်။
“ ဒီလို ဖြစ်တဲ့ အတွက် ကျနော်တို့ စိတ်မကောင်းပါဘူး။ ကျန်ပါတီ ဆိုင်းဘုတ်ကို ဘာကြောင့် လိုက်မဖြုတ်တာလဲ။ ကျနော်တို့ပါတီ က ဒီနှစ်မှ မိုင်းကိုင် မှာထောင်တာ။ ကျနော်တို့ကိုသူတို့ဘာလို့ကြောက်တာလဲ။ကျနော်တို့ လူမျိုးတွေ တိုးတက်မှာကို စိုးရိမ်နေတာလား ကြောက်နေတာလား” ဟု မိုင်းနုမ်ဟန် က ပြောသည်။
တန်းတူညီမျှမှု ၊တရားမျှတမှု ရရှိရန် တောင်းဆိုနေကြချိန် TNP ပါတီဆိုင်းဘုတ် ကိုသာ လာရောက်ဖျက်ဆီးမှုပြုခြင်းသည် စဉ်းစားစရာဖြစ်နေကြောင်း လည်း မိုင်းနုမ်ဟန် က ဆိုသည်။
မိုင်ကိုင်မြို့နယ်အတွင်း TNP ပါတီ ရွေးကောက်ပွဲ ဝင်ရောက်မည် ဟု စတင်ကြေညာခဲ့ချိန်တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA အောက်ခြေတပ်သားများက TNP ပါတီကိုခေါ်ယူပြီး ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သေးကြောင်း ၎င်းကပြောသည်။
သို့သော် စက်တင်ဘာလ ၁ ရက်နေ့က RCSS/SSA ထိန်းချုပ်သည့်နယ်မြေအတွင်း လွတ်လပ်စွာရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုကြောင်း၊ စည်းရုံးရေး ခရီးစဉ်သွားလာပါက ကြိုတင် စာတင်ရမည် ဖြစ်ကြောင်းလည်း လွိုင်တိုင်းလျန်း ဌာနချုပ်က စာတစောင်ထုတ်ပြန်ခဲ့သည်။
ထိုနည်းတူ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဆိုင်းဘုတ် ၂ကြိမ်တိုင်တိုင်ဖျက်ဆီးခံရကြောင်း သီပေါ NLD ပါတီ ဥက္ကဌ ဦးတင်ဇော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။
“ ဖျက်ဆီးခံရတာ မှန်ပါတယ်။ မနေ့ည က လုပ်တာက ဒုတိယ အကြိမ်ပါ။ ပထမတကြိမ်က စက်တင်ဘာလ ၈ ရက်နေ့က စည်ပင် သာယာရှေ့မှာ ကျနော်တို့ ဆိုင်းဘုတ်စတင်တာလေ။ အဲ့နေ့ည ကတကြိမ်ဖြစ်တယ်” ဟု ဦးတင်ဇော် က ပြောသည်။
ယခင် ရွေးကောက်ပွဲ တုန်းက သီပေါမြို့ ပေါ် ရှိ NLD ဆိုင်းဘုတ်များသည် တကြိမ်တခါမှ ဖျက်ဆီး မခံခဲ့ရကြောင်း၊ မြို့ နယ် လူထု မေတ္တာကို ရယူထားသည့် ပါတီဖြစ်ခဲ့ကြောင်း ဦးတင်ဇော် က ပြောသည်။
“ ၂၀၁၅ တုန်းက ကျနော် ဝင်ပြိုင်ခဲ့တယ်။ အဲ့တုန်းက ဘာမှ မဖြစ်ခဲ့ဘူး။လူတွေလည်း စေတနာထားတယ်။ ဆိုင်းဘုတ်ဖျက်ဆီးတာ တခါမှ မရှိဘူး။ ဒီနှစ်တော့ လူထု မေတ္တာအပြည့်အဝ ခံစားရမယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ ဆိုင်းဘုတ်မတင်ခင်ကတည်း က ဟိုလူကို မကြိုက်ဘူး။ ဒီလူ့ကို မကြိုက်ဘူးဆိုတာ ရှိတယ်။ ပြောင်လာပြောတာ ရှိတယ်” ဟု ဦးတင်ဇော် က ဆိုသည်။
သီပေါမြို့နယ် အတွင်း NLD ပါတီ ဆိုင်းဘုတ် ဖျက်ဆီးခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး “ သီပေါမြို့ ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းပေးကြပါ။ ဆန္ဒကို သိက္ခာနဲ့ ထိန်းညှိပေးကြပါ။ ဒါမျိုး လိုက်လံ ဖျက်ဆီးခြင်းအားဖြင့် မည့်သည့်အဖွဲ့ ကို မှ အကျိုးမပြုပါ” ဟု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် SNLD မှ သီပေါပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းစမ်းစမ်းအေး ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ထို့အပြင် စည်းရုံးရေး ကို ဥပဒေ ဘောင် အတွင်း ရိုးသားကြိုးစားပြီး ဆောက်ရွက်နေသည့် အဖွဲ့များကိုလည်း ထိခိုက်နစ်နာစေကြောင်း၊ မိမိအကျင့် စရိုက်များကို ပြန်လည်ထိန်းကျောင်းခြင်းအားဖြင့်၊ မိမိတို့ အဖွဲ့ ၏သိက္ခာကို စောင့်ထိန်းခြင်းအားဖြင့် သီပေါမြို့ ရဲ့ သိက္ခာကို အဖတ်ဆည်ပေးရန် မေတ္တာရပ်ခံကြောင်းလည်း နန်းစမ်းစမ်းအေးက ရေးသားထားသည်။
လက်ရှိအချိန်အထိ နိုင်ငံရေးပါတီဆိုင်းဘုတ်များကိုဖျက်ဆီးသည့်လက်သည်ကို မသိရသေးကြောင်း ဆိုပါသည်။
သျှမ်းပြည် မိုင်းကိုင်မြို့နယ်နှင့် သီပေါမြို့နယ်များ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲချုပ် (SNLD)၊ ကြံ့ခိုင်ရေး ပါတီ( USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)၊ တအာင်း အမျိုးသားပါတီ (TNP) ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) တို့ဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ နေ့စဉ် တိုးလာနေပြီး သေနှုန်းများမြင့်တက်လာသည့် အတွက် သျှမ်းပြည် တွင် ညမထွက်ရ အမိန့်ထုတ်ထားကြောင်း၊ ထို ညမထွက်ရ အမိန့် ထုတ်ထားပြီး ဖျက်ဆီး ခံလိုက်ရသည့်အတွက် စဉ်းစားစရာဖြစ်နေကြောင်းလည်း သျှမ်းပြည်သူများက ပြောသည်







