ရွေးကောက်ပွဲ နီးလာသဖြင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေ

ရွေးကောက်ပွဲ နီးလာသဖြင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေ

နန်းဆိုင်ဖူး — ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ နီးလာသဖြင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ( RCSS/SSA )နယ်မြေအတွင်း တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

လက်ရှိမှာ RCSS/SSA ထိန်းချုပ်သည့် နယ်မြေတွင် တိုက်ပွဲများ မရှိသော်လည်း တပ်မတော် စစ်အင်အားလှုပ်ရှား/ဖြည့်တင်းနေမှုကြောင့် တိုက်ပွဲ ပြန်ဖြစ်လာမည်ကို စိုးရိမ်နေသည်ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ရွေးကောက်ပွဲနီးလာပြီဆိုတော့တိုက်ပွဲ ဖြစ်မယ် မဖြစ်ဘူး ဆိုတာလည်း မပြောနိုင်ဘူး။ စိုးရိမ်စိတ်တော့ ရှိပါတယ်။ သူတို့ တပ်အင်အား ဆုတ်ပြန်တာမရှိရင်သေးရင်တော့ အဲ့ဒါတွေလည်းထည့်ပြီး စဉ်းစားရတယ်” ဒုဗိုလ်မှူးကြီး အုမ်ခေး က ထပ်လောင်းပြောသည်။

ရွေးကောက်ပွဲကျင်းပမည့် ရက်နီးလာသည့်နှင့် အမျှ တဖက်သတ်တိုက်ပွဲ ပုံစံ ပြုလုပ်ပြီး ပြည်သူများကိုထိတ်လန့်အောင်လုပ်လာနိုင်ပြီး၊ ပြည်သူများ ဆန္ဒမဲ ထည့်မည့်နေရာ လွတ်လွတ်လပ်လပ် မသွားရဲပဲဖြစ်မည်ကို စိုးရိမ်ကြောင်း ဒုဗိုလ်မှူးကြီး အုမ်ခေး က ပြောသည်။

ယခုချိန်မှာ ၎င်း လှုပ်ရှားရာ နယ်မြေသည် အစိုးရတပ်မတော် နှင့် စစ်ရေး တင်းမာမှု မရှိသော်လည်း လွန်ခဲ့သည့် လပိုင်းက အစိုးရတပ်မတော် မှ ဖြည့်ထားသည့် စစ်သည်အင်အားများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

“စစ်ရေးတင်းမာပြီး တိုက်ပွဲ ဖြစ်မယ့် အခြေနေတော့ မရှိသေးပါဘူး။ ဒါပေမယ့် သူတို့ ပြန်လှည့်ပြန်တာ မရှိသလို လူအင်အား လျော့သွားတာလည်း မရှိသေးဘူး။ အရင်တိုင်းပဲ ရှိနေတယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး ကပြောသည်။

သျှမ်းပြည်တဝှမ်းတွင် ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ တိုက်ပွဲများဆက်လက်ဖြစ်လာမည်ကို တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ နှင့် ပြည်သူများက စိုးရိမ်နေကြသည်။

ယခုလ ၁၁ရက်မှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော်( KIA) နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားကာ လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေကြောင်းသိရသည်။

“ ရွေးကောက်ပွဲနီးလာရင်တော့ ကျမတို့ဖက်က တိုက်ပွဲဖြစ်မှာကိုကြောက်ရသလို၊ အခုက ကိုဗစ်ကိုလည်းကြောက်နေရတယ်။ ရွေးကောက်ပွဲတိုင်းမှာ ဖြစ်နေကြဆိုတော့ စိုးရိမ်နေရတာပေါ” ဟု သျှမ်းပြည်မြောက်ပိုင်း မုံးပေါ်ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် RCSS/SSA ထိန်းချုပ်ရာ နယ်မြေအတွင်း နိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးရန်အတွက် ကြိုတင် အသိပေးအကြောင်းကြားရမည်ဖြစ်ကြောင်း စက်တင်ဘာ (၁) ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန်ထားသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...