ဒီမိုကရေစီစနစ်များတွင် “မဲမပေးရေး” လှုပ်ရှားမှုများကို ခွင့်ပြုကာကွယ်ပေးထား

ဒီမိုကရေစီစနစ်များတွင် “မဲမပေးရေး” လှုပ်ရှားမှုများကို ခွင့်ပြုကာကွယ်ပေးထား

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် “မဲမပေးရေး” လှုပ်ရှားမှုများ အပါအဝင် ရွေးကောက်ပွဲ သပိတ်မှောက်သည့် လှုပ်ရှားမှု campaign များသည် နိုင်ငံတကာ ဥပဒေအရနှင့် မြန်မာ့ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အကာအကွယ် ခံထိုက်သောဒီမိုကရေစီ ငြင်းခုံဆွေးနွေးမှု ပုံစံတစ်ခုသာ ဖြစ်ကြောင်း လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) အဖွဲ့က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ သပိတ်မှောက်သည့် လှုပ်ရှားမှုများသည် ဥပဒေနှင့် မညီကြောင်း သတိပေးချက်၊ Facebook စာမျက်နှာတွင် ယင်းလှုပ်ရှားမှုကိုတွေ့ရှိပါက ရဲများထံ တိုင်တန်းနိုင်ကြောင်း ရေးသားချက်များနှင့် ပတ်သက်၍ FEM အဖွဲ့က စက်တင်ဘာလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း ရွေးကောက်ပွဲ သပိတ်မှောက် လှုပ်ရှားမှု လုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးထားကြောင်း၊ ပုဒ်မ ၃၅၄ တွင် “မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်” သာမက ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် များကိုလည်း ကာကွယ်ပေးထားကြောင်း၊ ပုဒ်မ ၃၅၄ တွင် ၄င်းအခွင့်အရေးများနှင့် ပတ်သက် သည့် ကန့်သတ်ချက်များ ပါရှိနေသော်လည်း ရွေးကောက်ပွဲ သပိတ်မှောက် လှုပ်ရှားမှုကို တရားဝင် တားမြစ်ရန် အသုံးပြု၍ရသည့် ကန့်သတ်ချက် တစ်စုံတစ်ရာ ပါဝင်ခြင်း မရှိကြောင်းလည်း FEM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ နှင့်  ၆၁ တွင် တစ်စုံတစ်ယောက်ကို ဆန္ဒမဲပေးခြင်းမှ နှောက်ယှက်ရန် ရည်ရွယ်၍ ခြိမ်းခြောက်ခြင်း၊ လာဘ်ထိုးခြင်း၊ လွန်ကဲစွာ အာဏာသုံး၍ လွှမ်းမိုးခြင်းနှင့် တိုက်တွန်းခြင်းများကို တားမြစ် ထားသည်။

ပုဒ်မ ၅၈ နှင့် ၆၀ တွင် မဲဆန္ဒရှင်များ သို့မဟုတ် ရွေးကောက်ပွဲအား  “နှောက်ယှက်ခြင်း” ဟု ပါဝင်ရာ ယင်းသည် မည်သည့် အဓိပ္ပါယ်ဖွင့်ဆိုကြောင်း ရှင်းလင်းမှု မရှိသဖြင့် ဝေဝါးကျယ်ပြန့်သော ပြဌာန်းချက်များကို အလွယ်  တကူ လွဲမှားစွာ အသုံးချနေနိုင်မည် ဖြစ်သည်ဟုလည်း ထောက်ပြထားသည်။ ထို့ကြောင့် ၄င်းတို့ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်နှင့် အသင်းအဖွဲ့ဖွဲ့စည်းခွင့်များကို ကာကွယ်ပေးထားသော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီသာ အစဉ်အမြဲ ရှင်းလင်းဖွင့်ဆိုသင့်ကြောင်းလည်း FEM အဖွဲ့က တိုက်တွန်းထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတိပေးချက်များကို ရုတ်သိမ်းရန်၊ မည့်သည့် တရားစွဲဆိုမှုကိုမဆို ထောက်ပံ့အားပေးခြင်းကို ရှောင်ကြဉ်ရန်နှင့် နိုင်ငံတကာ ဥပဒေများတွင် ဖော်ပြထားသည့်အတိုင်း ရွေးကောက်ပွဲ  ကာလတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်နှင့် အသင်းအဖွဲ့ဖွဲ့စည်းခွင့်များကို ကာကွယ်ရန်အတွက် ကတိကဝတ်များ အခိုင်အမာပြုရန် FEM က တိုက်တွန်းထားသည်။

ထို့အပြင် ယင်းကဲ့သို့သော ထုတ်ဖော်ပြောဆိုသူများကို အပြစ်ပေးရန် ကြိုးစားနေမည့်အစား ပြောဆိုဝေဖန်မှုများကို နားထောင်ရန်နှင့် ပြန်လည် စဉ်းစားသုံးသပ်ရန် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံးကိုလည်း FEM က တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...