မူဆယ်မြို့နယ် တွင် KIA နှင့် အစိုးရတပ် တိုက်ပွဲဖြစ် ၂၈၀ကျော် စစ်ရှောင်နေရ

မူဆယ်မြို့နယ် တွင် KIA နှင့် အစိုးရတပ် တိုက်ပွဲဖြစ် ၂၈၀ကျော် စစ်ရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ် ဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၈၀ ကျော် စစ်ရှောင်နေရကြောင်း စုံစမ်းသိရသည်။

ထိုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် မုံးပေါ်ဒေသ နှင့် ၅မိုင် အကွာ မန်ကောင်းကျေးရွာ အနီးတွင် ဖြစ်ပွားသဖြင့် ကျေးရွာ ပြည်သူ ၂၈၂ဦး သည် နမ့်ခေါင်းကျေးရွာ ဘုရားကျောင်းတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မုံးပေါ်မှ ဆရာမ အက်စတာက ပြောပြသည်။

KIA နှင့် အစိုးရတပ်မတော်သည် စက်တင်ဘာ ၁၁ရက်မှ တိုက်ပွဲစတင်ဖြစ်ပွားပြီး လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေကြောင်း လည်း ဆရာမ အက်စကာ က ပြောသည်။

“စက်တင်ဘာ ၁၁ရက် နဲ့၁၂ရက်မှာတိုက်ပွဲဖြစ်တယ်။ ဒီနေ့ညနေ နေ့လည် ၂နာရီ လောက်မှာ ပြန်ပစ်နေကြတယ်။ စစ်ရှောင်တွေကတော့ ၂၈၂ဦး စားဝတ်နေရေးနဲ့ဆေးတွေ လိုအပ်နေတယ်” ဟု ဆရာမ အက်စတာက ဆိုသည်။

တိုက်ပွဲများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြသဖြင့် စစ်ရှောင်များသည် လက်ရှိအချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲ စားဝတ်နေရး၊ကျန်းမာရေး စောင့်ရှောက်မှုများလိုအပ်နေကြောင်းလည်း ဆရာမ က ပြောသည်။

“တဖက်ကလည်း ရွေးကောက်ပွဲ နီးလာပြီဆိုတော့ တိုက်ပွဲတွေ ပြင်းထန်လာမှာ ကြောက်နေရတယ်။ တောင်ပေါ်မှာက တပ်သားတွေရှိသေးတော့ စိုးရိမ်နေရတာပေါ့" ဟု ဆရာမ အက်စတာက ထပ်လောင်းပြောသည်။

KIA နှင့် အစိုးရတပ်သည် သျှမ်းမြောက် မုံးပေါ် ဒေသတွင် တိုက်ပွဲ၂ရက်ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမှာ စစ်ရေး တင်းမာမှု ရှိနေသေးကြောင်း KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့် ကို ပြောသည်။

တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်သည့် ကာလဖြစ်သည့်အတွက် နိုင်ငံတော်မှ အကြမ်းဖက် ဟု သတ်မှတ်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည်နေရာ မှ အပ ကျန်နယ်မြေများ တွင် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှု များကို စက်တင်ဘာ ၁ရက်မှ ၃၀ရက်ထိ တိုးမြှင့် ရပ်ဆိုင်းပေးသွားမည် ဟု သြဂုတ် ၂၄ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ ရွေးကောက်ပွဲ နီးလို့လားဆိုတာတော့ ကျနော် မသုံးသပ်နိုင်ဘူး။ ဒါပေမယ့် တပ်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းမယ်ဆိုပြီး ကြေညာထားတယ်။ ကျနော်တို့လှုပ်ရှားတဲ့ ဒေသမှာ စစ်ရေး တွေပြုလုပ်တာက စဉ်းစားစရာပါ” ဟု ဗိုလ်မှူးကြီး နော်ဘူ က ဆိုသည်။

ထိုဒေသတွင် KIA တပ်မဟာ (၆) တပ်ရင်း ၃၆ တည်ရှိသည့်နေရာဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ စက်တင်ဘာ (၁၃) ရက်တွင် အစိုးရ တပ်မတော် နှင့် တအာင်း (ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော် ( TNLA) တို့သည် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ဝမ်ခုံကျေးရွာ အနီးတွင်တကြိမ်၊ လားရှိုးမြို့နယ် ပုန်းထွန်အုပ်စု မက်မန်းရွာ အနီးတွင် တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းထုတ်ပြန်ချက်အရ သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...