လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် စစ်သားဟောင်း ၂ ဦး သက်သေခံ ဖြစ်လာဖွယ်ရှိ

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် စစ်သားဟောင်း ၂ ဦး သက်သေခံ ဖြစ်လာဖွယ်ရှိ

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ (မူရင်း) မွတ်စလင် အရပ်သားများ သတ်ဖြတ်ခံရမှုနှင့် အဓမ္မပြုကျင့်ခံရမှု စွပ်စွဲချက်များအတွက် သက်သေခံများ ဖြစ်လာနိုင်ဖွယ် ရှိနေသည့် တပ်ပြေးဟု ယုံကြည်ရသူနှစ်ဦးက ပူးပေါင်းဆောင်ရွက်မည် ဆိုခြင်းကြောင့် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တွင် ထိန်းသိမ်းထားပြီဟု သတင်းထွက်ပေါ်လာသည်။

စစ်သားဟောင်းနှစ်ဦး နယ်သာလန်နိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက အတည်ပြုသည်ဟု ကနေဒါအခြေစိုက် CBC သတင်းဌာနက စက်တင်ဘာလ ၈ ရက်နေ့သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

တပ်ပြေးနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဩဂုတ်လလယ်ခန့်က တွေ့မြင်ရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ CBC ၏ သတင်းထဲတွင် ရခိုင့်တပ် AA က ထုတ်ပြန်သည့် ဗီဒီယိုထုတ်ပြန်ချက်မှ ရယူထားသည့် စစ်သားနှစ်ဦး၏ ပုံကိုလည်း ဖော်ပြထားသည်။

ဗီဒီယိုဖိုင်ပါ စစ်သားနှစ်ဦးနှင့် ပတ်သက်၍ AA က ဖမ်းဆီးရမိခြင်း ဟုတ်၊ မဟုတ် မရှင်းလင်းကြောင်း၊ ဗီဒီဖိုင်များနှင့် စပ်လျဉ်း၍လည်း စစ်မှန်ခြင်း ရှိ၊ မရှိ လွတ်လပ်စွာ ဆန်းစစ်နိုင်ခြင်း မရှိကြောင်းကိုမူ CBC က ဖော်ပြထား သည်။

၎င်းစစ်သားဟောင်းနှစ်ဦး ယူဆောင်လာသည့် သတင်းအချက်အလက်များသည် တရားရုံး စစ်ဆေးမှုတွင် ထူးခြားသည့် အားသာချက်ဖြစ်လာနိုင်ကြောင်းလည်း သတင်းရင်းမြစ်တစ်ခုက CBC ကို ပြောထားသည်။

အသက် ၃၀ နှစ်အရွယ် ဇော်နိုင်ထွန်းနှင့် အသက် ၃၃ နှစ်အရွယ် မျိုးဝင်းထွန်းဟု ၎င်းတို့ကိုယ်တိုင် အမည်ထုတ်ဖော်ပြောဆိုထားသည့် တပ်သားနှစ်ဦးသည် ယခင် ထွက်ပေါ်ခဲ့သည့် သတင်းပေးပို့ချက်များအတွက် အချက် အလက်များ ပေးခဲ့ကြသည်ဟု ဆိုသည်။ ယင်းတို့အထဲတွင် နယ်မြေရှင်းလင်းရေးနှင့် စပ်လျဉ်းသည့် တပ်ရင်းအမည်များ၊ ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများ၊ လူအများအပြားကို သတ်ဖြတ်မြှုပ်နှံထားသည့် နေရာများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်ဟု သိရသည်။

ရိုဟင်ဂျာဒုက္ခသည်များ ပြောပြကြသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ထင်ဟပ်သော အတွင်းကျကျ အသေးစိတ် အချက်အလက်များကို ပေးနိုင်သည့် ပထမဆုံး မြန်မာစစ်သားများ ဖြစ်လာဖွယ်ရှိသည်ဟု ဆိုသည်။  

ICC ၏ ပြောခွင့်ရသူ ဖာဒီ အီလ် အဗ္ဗဒူလာကမူ မြန်မာစစ်သားနှစ်ဦးကို ICC တွင် ထိန်းသိမ်းထားခြင်းမဟုတ်ဟု ငြင်းဆိုထားသည်။

May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...