ကျောက်တော်ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး

ကျောက်တော်ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး

နှင်းနွယ် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းကျေးရွာမှ ရွာသားနှစ်ဦးကို သေနတ်ကျည်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းသို့သေဆုံးသွားသူနှစ်ဦးမှာ ဘုရားပေါင်းကျေးရွာမှ မောင်ညွှန်ဝင်း ၂၇ နှစ်နှင့် ကိုဟန်မောင်သိန်း ၃၅ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးသည် စက်တင်ဘာလ ၃ ရက် ၊ ညနေ ၆ နာရီအချိန်တွင် ကျောက်တော်မြို့ ဝပ်ရှော့ဆိုင်မှ အလုပ်လုပ်ပြီး မိမိကျေးရွာသို့ပြန်လာစဉ် တပ်မတော်စစ်ကြောင်းနှင့်တွေ့၍ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း မိသားစုဝင်များကဆိုသည်။

ယင်းနောက် ဘုရားပေါင်းကျေးရွာအနီးအရောက်တွင် တပ်မတော်စစ်ကြောင်းမိုင်းဆွဲခံခဲ့ရသဖြင့် ၎င်းတို့နှစ်ဦးကို မသင်္ကာ၍ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု သေဆုံးသူကိုဟန်မောင်သိန်း၏ ဖခင်ဦးစံထွန်းလှက ပြောသည်။

“စစ်ကြောင်းက သူတို့နှစ်ယောက်ကို လမ်းပြအဖြစ်ခေါ်လာတယ်။ ကျွန်တော့်သားတို့ကို ရှေ့ကတင်ပြီးတော့ ရွာထဲကိုဝင်လာတာ။ အဲဒီအချိန်မှာ ရွာနားကနေ ဗုံးထပေါက်တယ်။ ဒါကြောင့် ကျွန်တော်တို့သားတွေကို မသင်္ကာဘူးဆိုပြီးပစ်သတ်လိုက်တာ။ ကျွန်တော်လည်း သားကိုစိတ်ပူပြီးသွားကြည့်တော့ သေနတ်တွေနဲ့ လှမ်းပစ်ခံရတယ်” ဟု ၎င်းကပြောသည်။

သေဆုံးသွားသည့် ကိုမောင်ညွှန့်ဝင်းတွင် ဂျိုင်းအောက်ကျည်ဖောက်ထွက်ဒဏ်ရာ၊ ကိုဟန်မောင်သိန်းတွင် ဦးခေါင်းပြိုပျက်ဒဏ်ရာများ၊ ဘေးစဖောက်ထွက်ဒဏ်ရာများတွေ့ရကြောင်း မိသားစုဝင်များက ပြောသည်။

လက်ရှိ အဆိုပါအလောင်းနှစ်လောင်းမှာ ကျောက်တော်မြို့ဆေးရုံသို့ရောက်ရှိနေပြီဖြစ်ကာ စက်တင်ဘာလ ၄ ရက်တွင် မီးသဂြိုလ်သွားမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ထို့ပြင် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ်များမှာလည်း စက်တင်ဘာ ၃ ရက် ညဉ့် ၉ နာရီခွဲ အချိန်ခန့်က မီးရှို့ခံခဲ့ရကြောင်း ၎င်းကျေးရွာသားများကပြောသည်။

ဘုရားပေါင်းကျေးရွာမှ သားဖြစ်သူသေနတ်ဒဏ်ရာဖြင့်သေဆုံးသွားသည့် ဦးစံထွန်းလှ၏နေအိမ်မှာလည်း မီးလောင်ရာတွင် ပါဝင်သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်အသက် ၂၀ ကျော်အရွယ် အိမ်ထောင်ကျကတည်းက ပစ္စည်းတွေစုဆောင်းလာခဲ့ရတာ။ အခု အသက် ၆၀ ကျော်သွားပြီ။ အခု ကျွန်တော်တစ်သက်လုံးစုဆောင်းလာခဲ့တဲ့ပစ္စည်းတွေ အကုန်ပြာကျသွားပြီ။ ဘာမှမကျန် တော့ဘူး။ ဒီလောက်နှစ်ပေါင်းများစွာစုလာတဲ့ပစ္စည်းတွေကို ဒီအရွယ်ရောက်မှ ဘယ်လိုပြန်ရှာရတော့မလဲ။ အခု ကျွန်တော်တို့မှာ နေစရာလည်းမရှိတော့ဘူး။ ဒီကြားထဲ သားတစ်ယောက်ပါ အသက်ဆုံးရှုံးလိုက်ရတော့ ဘယ်လို ပြောရမှန်းတောင်မသိတော့ဘူး” ဟု ဦးစံထွန်းလှက ပြောသည်။

အဆိုပါကျေးရွာများမှ နေအိမ်များကို တပ်မတော်စစ်ကြောင်းတစ်ခုမှ မီးရှို့ခဲ့သည်ခြင်းဖြစ်ကြောင်း ကျေးရွာသား များကပြောဆိုကြကာ တပ်မတော်က ယင်းသို့လုပ်ဆောင်ခြင်းမရှိဘဲ စွပ်စွဲချက်သာဖြစ်ကြောင်း ပြောသည်။

စက်တင်ဘာ ၄ ရက်နေ့ နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ ပြောဆိုခဲ့သည်။

“မနေ့က ညနေ ၆ နာရီခွဲအချိန်လောက်မှာ ကျောက်တော်၊ အပေါက်ဝရဲစခန်းမှာတာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ ဝင်တွေကို ပို့ဆောင်ပေးနေတဲ့ကားကို အေအေကရီမုမိုင်းဆွဲပြီးတော့ တိုက်ခိုက်ခဲ့တာရှိတယ်။ လမ်းမပေါ်မှာပဲ ၊ ကျောက်တော်မြို့ရဲ့တောင်ဘက် မီတာ ၄၀၀၀ လောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာရှိတယ်။ ရဲနှစ်ယောက် ဒဏ်ရာ ရရှိသွားတာရှိတယ်။ ပို့ဆောင်ပြီးပြန်လာတဲ့ အဲဒီကားတွေကို အဲဒီနေရာကနေ ဆက်လက်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ ရန်သူ့အလောင်းနှစ်လောင်းနဲ့ သေနတ်တစ်လက် ရရှိခဲ့တာရှိတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မိုခါမုန်တိုင်းဒဏ်သင့် မွတ်ဆလင်လူမျိုးများအား အာရက္ခတပ်တော်(AA)က ဆေးကုသမှုပေးနေစဉ်။
April 20, 2024
နိုင်ငံတဝန်းတွင် စစ်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရခိုင်ပြည်တွင် ရခိုင်နှင့် မွတ်ဆလင်...
April 20, 2024
နိုင်ငံတဝန်းတွင် စစ်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ရခိုင်ပြည်တွင် ရခိုင်နှင့် မွတ်ဆလင်...
April 19, 2024
ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၂၀ ရက်အထိ သုံးလခန့်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ...
ဓာတ်ပုံ - ပေးပို့
April 19, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာရှိ ငှက်ပျောတောနှင့် အနောက်ပါးရပ်ကွက်တို့မှ နေအိမ်...