မိုင်းရယ်တွင် လမ်းသွားလမ်းလာ လူထုထံ ရဲတပ်ဖွဲ့ဝင်များစစ်ဆေး ငွေကောက်ခံ

မိုင်းရယ်တွင် လမ်းသွားလမ်းလာ လူထုထံ ရဲတပ်ဖွဲ့ဝင်များစစ်ဆေး ငွေကောက်ခံ

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တချို့သည် လမ်းသွားလမ်းလာလူထုအား တားဆီးစစ်ဆေးကာ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း မိုင်းရယ်ဒေသခံများက ပြောသည်။

မိုင်းရယ်မြို့နယ် အမှတ်(၃) ရပ်ကွက် မြို့အထွက် ပြည်ထောင်စု လမ်းမကြီး ( မိုင်းရယ် – ကျေးသီး လမ်း) ပေါ်တွင် ယာယီဂိတ်တစ်ခု ထားရှိကာ သင်္ကြန်မတိုင်မှီ ကတည်းက သွားလာနေသည့် လူထုအားရဲများက ထိုသို့စောင့်ကြပ် စစ်ဆေးနေပြီး ငွေကြေးကောက်ခံနေကြကြောင်း မိုင်းရယ် ဒေသခံ ခွန်လိန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“မျက်နှာစိမ်းတွေဆိုရင် ယာဉ်လိုင်စင်တွေ မေးတယ်။ တချို့ဆို ခြိမ်းခြောက်ခံရတယ်။ တစ်ချို့ကလည်း ကြံတွေ တင်ပြီး မြို့ထဲဝင်လာရင် ကြံက ဘယ်ကနေတင်လာတာလဲ အဲ့လို ခြိမ်းခြောက်ပြီးတော့မှ အခွန် တောင်းတာလဲ ရှိတယ်” ဟု ခွန်လိန် က ပြောသည်။

ထိုသို့စောင့်ကြပ်စစ်ဆေးနေသည့်ရဲတပ်ဖွဲ့သည် မိုင်းရယ်မြို့တွင်းဝင်လာသည့် ကျေးလက်ဒေသခံများ ထံမှ ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း ၊ မြို့တွင်းနေသူ ၊ သိကျွမ်းသူများထံမှမူ ကောက်ခံ ခြင်းမရှိ ကြောင်းလည်း ခွန်လိန်က ပြောပြသည်။

“ဒါကတော့ မတောင်းသင့်တဲ့ ကိစ္စပါ။ အကယ်လို့ ကျနော်တို့ နိုင်ငံသား တစ်ယောက်က ဥပဒေတစ်ခုကို တကယ်ချိုးဖောက်မယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ တရားရုံးမှာ တရားရင်ဆိုင်ပြီးမှ ဒီဥပဒေ က သတ်မှတ်ထားတဲ့ ဒဏ်ငွေ ဒဏ်ကြေးတွေကို ပေးဆောင်ရမှာပါ။ ဒါက ဒီလိုမျိုးတောင်းခံတာက ဥပဒေ နဲ့ မညီဘူးလို့ ကျနော့် အနေနဲ့ မြင်မိပါတယ်။” ဟု ခွန်လိန် က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ တရားမဝင် ငွေကောက်ခံမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ အမြန်ဆုံး ဖြေရှင်းပေး၊ အရေးယူပေးရန်လည်း မိုင်းရယ်ဒေသခံများက ပြောသည်။

“ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က ဒီလို ငွေကောက်ခံတာမရှိခဲ့ဘူး။ ဒီမတရား ငွေကောက်ခံတာတွေ ပြည်သူတွေကိုခြိမ်းခြောက်နေပြီး ငွေတောင်းနေတာတွေ ကို အရေးယူပေးစေချင်တယ်” ဟု ကားသမား တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ထံသို့ တိုင်ကြားစာ နှင့် အသနားခံစာ တင်ထား သော်လည်း ယနေ့ချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်လက်စာတင်သွားမည်ဖြစ်ကြောင်း ခွန်လိန်က ပြောသည်။

မိုင်းရယ်မြို့နယ် အတွင်း ရဲတပ်ဖွဲ့ဝင်တချို့ တရားမဝင် ငွေကောက်ခံသည့်ကိစ္စကို သက်ဆိုင်ရာ ပြည်နယ် ခရိုင် အဆင့်ရှိ အုပ်ချုပ်ရေးဌာနနှင့် ပူးပေါင်းပြီး ညှိနှိုင်းသွားရန် ရှိကြောင်း လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း ပြောပြသည်။

“ဒီလိုဖြစ်နေတဲ့ ကိစ္စတွေ မဖြစ်သင့်ဘူးဆိုတဲ့ဟာတွေ ပြောပေးဖို့တော့ရှိပါတယ်။ ဒီလို လုပ်ရပ်တွေဟာ မမှန်ကန်သလို ပြည်သူတွေ အတွက်လဲ အခက်ခဲဖြစ်စေတယ်။ အထက်က ကောင်းကောင်းမထိန်းနိုင်လို့ အောက်က အဲ့လိုတွေ ဖြစ်တဲ့သဘောမျိုးလို့ ကျနော်တို့ တွေ့ရတယ်” ဟု စိုင်းဝမ်းလျန်းခမ်း ကပြောသည်။

မိုင်းရယ်မြို့ ရဲတပ်ဖွဲ့ဝင် များအနေဖြင့် သာမာန်သွားလာနေသည့် ပြည်သူများ၏ ကားကိုတားပြီး၊ ငွေခြိမ်းခြောက်တောင်းခံမှုသည် မဖြစ်သင့်ကြောင်းလည်း စိုင်းဝမ်းလျန်းခမ်းက ပြောသည်။

“ ဒီမိုကရေစီနိုင်ငံရေး တည်ဆောက်ပြီးပြီ သိက္ခာရှိရှိ နဲ့ ကျနော်တို့ ဝန်ထမ်းတွေလည်း အလုပ်လုပ်သွားဖို့တော့ ကျနော်တို့ မြင်တယ်။” ဟု စိုင်းဝမ်းလျန်းခမ်း ကပြောသည်။

လွန်ခဲ့သည့် မေလပိုင်းကလည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ ဝါးတားဂိတ်တွင် နမ့်ပေါင်ဌာနေပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ကုန်တင်ယာဉ်များထံ ကားတစီးလျှင် ငွေကျပ် တသောင်းမှ ၂ သောင်းထိ ကောက်ခံခဲ့ကြောင်း သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...