RCSS နယ်မြေအတွင်း မဲဆွယ်ပါက အကြောင်းကြားဖို့ ထုတ်ပြန်

RCSS နယ်မြေအတွင်း မဲဆွယ်ပါက အကြောင်းကြားဖို့ ထုတ်ပြန်

သျှမ်းပြည် အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA) နယ်မြေအတွင်း မဲဆွယ်မည်ဆိုပါက အကြောင်းကြားရန် RCSS/SSA က ကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။

RCSS/SSA နယ်မြေ ဒေသအတွင်း မဲဆွယ်မည်ဆိုပါက အဆင်ပြေမှုရှိစေရန် အတွက် သက်ဆိုင်ရာ နိုင်ငံရေး ပါတီများအနေဖြင့် RCSS/SSA ဆက်ဆံရေး ရုံးများဖြစ်စေ၊ ဒေသအတွင်းရှိ နယ်မြေခံအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ဖြစ်စေ ကြိုတင် အကြောင်းကြားရန် လိုအပ်ကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က သျှမ်းသံတော်ဆင့် အားပြောသည်။

“ ညှိနှိုင်းမှုတွေ နားလည်မှုတွေ မလုပ်ဘူးဆိုရင် စစ်ရေး အခြေအနေက မပြောနိုင်ဘူးလေ။ အခြေအနေ မကောင်းတဲ့နေရာ မျိုးမှာ တခုခုဖြစ်သွားရင် RCSS/SSA အနေနဲ့ မကောင်းမှာ စိုးလို့ပါ” ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး က ဆိုသည်။

တရားဝင် နိုင်ငံရေး ပါတီ များ RCSS/SSA အုပ်ချုပ်ရေးနယ်မြေအတွင်း လာရောက် မဲဆွယ်ရာတွင် သျှမ်းပြည်အရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ ကြေညာချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ ရွေးကောက်ပွဲ ဥပေဒများ၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များအညီ လွတ်လပ်စွာ မဲဆွယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်နိုင်ကြောင်း စက်တင်ဘာ ၁ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လွန်ခဲ့သည့် သြဂုတ် ၁၅ ရက်က မိုင်းကိုင် အခြေစိုက် RCSS/SSA တပ်ဖွဲ့သည် မိုင်းကိုင်မြို့နယ် အတွင်း တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) အားခေါ်ယူပြီး ရွေးကောက်ပွဲ ဝင်မပြိုင်ရန် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း မိုင်းကိုင်(TNP) ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင် မိုင်းအောင်ဆန်း က သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“ ကျနော်တို့ကို မိုင်းကိုင်မှာ ဝင်မပြိုင်ဖို့ ပြောတယ်။ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ချင်ရင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့နေရာမှာပဲပြိုင်ဖို့ ပြောလာပါတယ်” ဟု မိုင်းအောင်ဆန်း က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲကလည်း RCSS/SSA ဌာနချုပ်က ယခုကဲ့သို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး၊ အောက်ခြေ တပ်သားများမှာမူ ထုတ်ပြန်ချက်ကို မလိုက်နာပဲ TNP ကို ခြိမ်းခြောက် ဖမ်းဆီးမှု ပြုလုပ်ခဲ့သေးကြောင်း လည်း မိုင်းအောင်ဆန်း က ပြောသည်။

“ RCSS/SSA ဗဟိုက ထုတ်ပြန်ချက် အရဆိုရင်တော့ ကျနော်တို့ ဝမ်းသာတယ်။ကြိုဆိုတယ်။ ဒါပေမယ့် ဗဟိုကထုတ်ပြီးအောက်ခြေ တပ်သားတွေ က မလိုက်နာရင်တော့ မကောင်းဘူးပေါ့” ဟု မိုင်းအောင်ဆန်း က ထပ်လောင်းပြောသည်။

သို့သော် သြဂုတ် ၁၅ ရက်က RCSS/SSA မှ TNP ပါတီကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး အုမ်ခေး က “ ဒါက နားမလည်မှု လွှဲတာပါ။ ကျနော်တို့ ဘက်က ခြိမ်းခြောက်မှုတွေ မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောဆိုလိုက်သည်။

လာမည့် နိုဝင်ဘာ (၈)ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် RCSS/SSA အနေဖြင့် လိုအပ်သည့် ဆောင်ရွက်မှုများကို တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...