သျှမ်းပြည်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး ပယ်ချခံရ

သျှမ်းပြည်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး ပယ်ချခံရ

လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် သျှမ်းပြည်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်ရာတွင် ကိုယ်စားလှယ်လောင်း ၅ ဦး ပယ်ချခံရကြောင်း သိရသည်။

အဆိုပါ ၅ ဦးမှာ ပြည်နယ်လွှတ်တော် ၄ ဦး နှင့် ပြည်သူ့လွှတ်တော် ၁ ဦးတို့ဖြစ်သည်။

ထိုအထဲတွင် ပြည်နယ်လွှတ်တော်နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ပါတီ ( ၃ ) ဦး ၊ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီ ( ၁ )ဦး နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ) ပါတီ မှ ပြည်သူ့ လွှတ်တော်နေရာတွင် ဝင်ပြိုင်သည့် အမတ်လောင်း တစ်ဦး ဖြစ်ကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင်တွင်အယူခံ ပြန်လည် တင်လာသည့် အမတ်လောင်း တစ်ဦးရှိပြီး ၎င်းမှာ မိုးမိတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်ဖြစ်ကြောင်း၊ သို့သော် ၎င်း၏ အယူခံမှာလည်း ပြန်လည် ပယ်ချခံရကြောင်း ဦးထင်ကျော် ကပြောသည်။

“ ၂၀၁၂ ခုနှစ်မှ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာလို့ ပြည်ထဲရေးကနေပြီးတော့မှ စုံစမ်းဖော်ထုတ်တာဖြစ်တဲ့အတွက် သူ့ကို လုပ်ထုံး ဥပဒေ ပုဒ်မ (၈) (က) ၂ အရ မကိုက်ညီဘူးဆိုပြီး သူ့အယူခံကို ပယ်လိုက်တာပေါ့။” ဟု ဦးထင်ကျော် ကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး SNLD မှ အထွေထွေ အတွင်းရေးမှူး စိုင်းလ က “ တရုတ်ပြည်ကို ခရီးသွားပြီး ပြန်လာတာ ၁၀နှစ် မပြည့်သေးလို့ပါ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို ပယ်ချခံရသူများ၏ နေရာကို ပါတီ အနေဖြင့် ပြန်လည်အစားထိုးရန် မရနိုင်တော့ကြောင်းလည်း သိရသည်။

သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်သွင်းလာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၁၀၃၇) ဦး ရှိပြီး ပါတီ (၃၂) ပါတီ ရှိကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ စုံစမ်းသိရှိရသည်။

ထို (၁၀၃၇) ဦးထဲမှ မိမိသဘောဖြင့် ပြန်လည် နုတ်ထွက်သည့် ကိုယ်စားလှယ်လောင်း (၁၄) ဦးရှိပြီး (PNO) ပါတီ မှ အများဆုံး ဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းပြည်တွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၀၁၈) ဦးရှိပြီး ပြည်သူ့ လွှတ်တော်မှာ (၂၉၀) ဦး၊ အမျိုးသား လွှတ်တော်မှာ ( ၈၀) ဦး၊ ပြည်နယ်(၁) (၂) မှာ (၆၀၅) ဦး နှင့် တိုင်းရင်းသားဝန်ကြီးနေရာမှာ ( ၄၃) ဦးရှိကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ စုံစမ်းသိရှိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...