ကိုဗစ် ကာလ မဲဆွယ်စည်းရုံးရေး ပြုလုပ်ပါက လက်ရှိအနိုင်ရ ပါတီ အားသာနိုင်

ကိုဗစ် ကာလ မဲဆွယ်စည်းရုံးရေး ပြုလုပ်ပါက လက်ရှိအနိုင်ရ ပါတီ အားသာနိုင်

နန်းဆိုင်ဖူး - ကိုဗစ်-၁၉ ကာလ အတွင်း မဲဆွယ်စည်းရုံးရေးဆင်းရမည်ဆိုပါက လက်ရှိ အနိုင်ရပါတီအနေဖြင့် အားသာချက်များစွာ ရှိကြောင်း တိုင်းရင်းသား ပါတီများက ပြောဆိုကြသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ကာကွယ်နေသည့်အချိန်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလမှာ အခက်ခဲများစွာ ရင်ဆိုင်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ နန်းမြဦး ကပြောသည်။

“လက်ရှိ အစိုးရ ဖြစ်နေတဲ့ ပါတီကတော့ အားသာ စမြဲပါပဲ။ သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ဖွံ့ဖြိုးရေးကို အကြောင်းပြပြီးတော့ လူထုနဲ့ ထိတွေ့လို့ရတယ်။ တိုင်းရင်းသားပါတီအနေနဲ့က လုပ်ဖို့ ကိုင်ဖို့ အခွင့်အရေး အဲ့လောက်ထိ မသာဘူး” ဟု နန်းမြဦး က ပြောသည်။

လက်ရှိ အစိုးရဖြစ်နေသည့် ပါတီထက်စာလျှင် တခြားပါတီများက ကွင်းဆင်း စည်းရုံးရေး ပြုလုပ်ခြင်း၊ လူထု နှင့် ထိတွေ့မှု အားနည်ခြင်းတို့ရှိနေသေးကြောင်း နန်းမြဦး က ပြောသည်။

“မဲဆွယ် စည်းရုံးရေး ကာလလည်း မရောက်သေးတဲ့အတွက် မဲဆွယ် စည်းရုံးဖို့လည်း မဖြစ်နိုင်သေးဘူး။ အများဆုံး လုပ်နိုင်တာက သက်ဆိုင်ရာ ကျေးရွာ အုပ်စုတွေမှာ ရပ်ကွက်တွေမှာ ဆိုင်းဘုတ်တင်တာပဲ လုပ်နိုင်သေးတယ်” ဟု နန်းမြဦး ကပြောသည်။

လက်ရှိ အာဏာရ ပါတီ အစိုးရသည် ၂၀၁၅ ခုနှစ် မှ ၂၀၂၀ ခုနှစ်အထိ ပြည်သူ မျာနှင့် ထိတွေ့မှုရှိပြီး NLD ပါတီအနေဖြင့် ကိုဗစ်ကာလမှာ မဲဆွယ် စည်းရုံးရန်အတွက် ခက်ခဲမည်မဟုတ်ကြောင်း လင်းခေးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ( NLD)မှ ကိုယ်စားလှယ်လောင်း စိုင်းဆေဟန် ကပြောသည်။

“ကိုဗစ် ကာလမှာ စိန်ခေါ်မှုကတော့ ၂၀၁၅ နဲ့ တအားကွာတယ်။ ပါတီ အသစ်တွေတော့ အများကြီး ဒုက္ခရောက်မယ်။ လူထုနဲ့ တွေ့ဆုံမှု မရှိခဲ့လို့ သူတို့အတွက် ဒုက္ခရောက်မယ်။ ပါတီကြီးတွေကတော့ သူတို့အတွက် သိပ်ပြီး ဒုက္ခမဖြစ်ဘူး” ဟု စိုင်းဆေဟန် က ပြောသည်။

လက်ရှိအာဏာရ ပါတီသည် ၂၀၁၅ မှ စတင်ကာ ၂၀၂၀ အထိ ပြည်သူများနှင့် ထိတွေ့မှု ရှိနေသဖြင့် လွယ်ကူမည် ဖြစ်ကြောင်း စိုင်းဆေဟန် ကပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဒုတိယလိုင်း အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပိုမို ကူးစက်မြန်လာသည့်အတွက် ပြည်သူလူထုများ လာမည့် ၂၀၂၀ ရွေးကောက်ပွဲထက် ကိုဗစ် ကို ပိုမို စိတ်ဝင်စားနေကြသည်။

“ကိုဗစ်ကို ပိုပြီး စိတ်ဝင်စားတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါ က တကမ္ဘာ့လုံးဖြစ်နေတယ်။” ဟု အသက် ၂၇ နှစ် အရွယ် နန်းနု ကပြောသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...