အမျိုးသမီးနှင့်ကလေးသူငယ် အကြမ်းဖက်ခံရမှုနှင့် စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်ကို မျှော်လင့် ဟု တောင်ကြီး အမျိုးသမီးများပြော

အမျိုးသမီးနှင့်ကလေးသူငယ် အကြမ်းဖက်ခံရမှုနှင့် စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်ကို မျှော်လင့် ဟု တောင်ကြီး အမျိုးသမီးများပြော

ယိင်းတိုင်း — နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်အတွက် အမျိုးသမီးနှင့် ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုနှင့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးဘဝကို နားလည်ဖြေရှင်းပေးနိုင်မည့် လွှတ်တော်ကိုယ်စားလှယ်မျိုးကို မျှော်လင့်ထားကြောင်း သျှမ်းပြည်၊တောင်ကြီး ဒေသခံအမျိုးသမီးများက ပြောသည်။

“အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုတွေကို ကာကွယ်ဆောင်ရွက်ပေးစေချင်တယ်။ အိမ်တွင်းအကြမ်းဖက်မှု ကိစ္စတွေကို ပိုမိုအာရုံစိုက်ပြီး ဆောင်ရွက်ပေးစေချင်တယ်။ အမျိုးသမီးများ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုပါဝင်လာနိုင်ရေးနဲ့ မိမိမဲဆန္ဒနယ်အတွင်းမှာရှိတဲ့ ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးခေါင်းဆောင်တွေ ပိုမိုပေါ်ပေါက်လာနိုင်ဖို့ တစ်တက်တစ်အား တွန်းအားပေးဆောင်ရွက်ပေးတဲ့ ကိုယ်စားလှယ်လောင်းမျိုးကို မျှော်လင့်ပါတယ်” ဟု Women and Peace Action Network (WAPAN) မှ ဒါရိုက်တာ ဒေါ်သန္တာဦးက ပြောသည်။

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်နေ အထည်ရောင်းသည့် ဒေါ်နန်းညိုညိုထွေးက “အခြေခံလူတန်းစားတွေရဲ့ ဘဝကိုသိပြီးတော့ အခြေခံကျကျနားလည်တဲ့ ပြဿနာပေါင်းမျိုးစုံကို ဖြေရှင်းပေးနိုင်ပြီး အမြန်ကူညီဖြေရှင်းပေးနိုင်တဲ့ အစိုးရအဖွဲ့ကို လိုလားပါတယ်။ တကယ်အလုပ်လုပ်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းမျိုးကို မျှော်လင့်တယ်။ အခြေခံလူတန်းစားတွေရဲ့ အခက်အခဲကို မသိကျိုးကျွံပြုတဲ့ လူတွေကိုတော့ အလိုမရှိဘူး။ လက်ရှိအစိုးရရဲ့ သိသာတဲ့ တိုးတက်မှုကိုပြောရရင် လမ်းပန်းဆက်သွယ်ရေးတွေတော့ အရင်ကထက် ကောင်းမွန်လာတာတွေ့ရတယ်။ ဘုရားတွေ စေတီတွေ ပြုပြင်တာတွေ့ရတယ်” ဟုပြောသည်။။

နိုင်ငံရေးသည် အိမ်ထောင်ရေးနှင့် တစ်စိတ်တစ်ဒေသသက်ဆိုင်ပြီး အိမ်ထောင်ရေးငြိမ်းချမ်းမှ နိုင်ငံရေး ငြိမ်းချမ်းနိုင်မည်ဖြစ်ကြောင်း  အိမ်ထောင်ရေး ငြိမ်းချမ်းစေရန် စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း တောင်ကြီးမြို့တွင် အိမ်တွင်းမှုလုပ်ငန်းလုပ်ဆောင်နေသူတစ်ဦးဖြစ်သည့် နန်းအွန်က ပြောသည်။

“ကျမက အိမ်ရှင်မဆိုတော့ ကိုယ်နဲ့တိုက်ရိုက်သက်ဆိုင်တဲ့ ကလေးပညာရေးကိစ္စနဲ့ စီးပွားရေးကိစ္စက အရေးကြီးပါတယ်။ စီးပွားရေးပြေလည်မှ အိမ်ထောင်ရေးအဆင်ပြေမယ်၊ အိမ်ထောင်စုတိုင်းအဆင်ပြေမှ နိုင်ငံလဲ တိုးတက်ပြောင်းလဲလာမယ်။ သားသမီးတွေ ပညာရေးအတွက်လဲ ထောက်ပံ့ပေးနိုင်မယ် ဒါကြောင့် အဲ့ဒီလိုလုပ်ဆောင်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းမျိုးကိုဆိုရင် ဘယ်ပါတီပဲဖြစ်ဖြစ် မဲပေးမယ်” ဟု ၎င်း၏အမြင်ကိုပြောသည်။

သျှမ်းပြည်ရှိ မဲဆန္ဒနယ်အသီးသီးတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၂ ဦးအပါအဝင် ပါတီ ၃၂ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...