သီပေါမြို့နယ် တွင် အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

သီပေါမြို့နယ် တွင် အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံကျေးရွာအနီး သြဂုတ် ၂၄ရက် နေ့လည်ပိုင်းက အမျိုးသား (၃) ဦး သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း စုံစမ်းသိရသည်။

သြဂုတ် ၂၄ ရက် နေ့လည် ၁၁ နာရီဝန်းကျင်က သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား (၃) ဦး ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့ကြောင်း၊ မည်သည့်လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်သည်ကို မသိရှိကြောင်း နယ်စည်းမခြား ပရဟိတ အသင်း (သီပေါ) မှ ကိုမျိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သေဆုံးသူ မသိရသေးဘူး။ အမျိုးသား အလောင်း (၃) လောင်းပါ။ ဘယ်သူလဲ ဆိုတာတော့ သက်ဆိုင်ရာ အဖွဲ့တွေ့ကတော့ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ကိုမျိုး ကပြောသည်။

ထို သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အမျိုးသား (၃)ဦး ရုပ်အလောင်းကို သီပေါမြို့ ပြည်သူ့ဆေးရုံ (ရင်ခွဲရုံ)တွင် ပို့ဆောင်ထားကြောင်း ကိုမျိုးက ဆိုသည်။

“ သူတို့(၃) ဦး အလောင်းက ပြည်ထောင်စု လမ်းမကြီး ရဲ့ ပေ (၁၅၀) အကွာမှာ ရှိတဲ့ ကုံးမုံကျေးရွာ အနီးမှာ တွေ့တာပါ” ဟု ကိုမျိုးက ထပ်လောင်းပြောသည်။

သီပေါမြို့နယ် ကုံးမုံကျေးရွာအနီးတွင် မကြာခဏ သေနတ်ပစ်ခတ်ခံရပြီး၊ မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို တကြိမ်တခါမျှ ဖမ်းဆီးရမိခြင်းမရှိပေ။

ထိုနေရာတဝှိုက်တွင် မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းဝယ်ဖောက်ကားသူ ကျင်လည် လှုပ်ရှားသည့်နေရာ ဖြစ်ကြောင်း သာမာန် ဒေသခံ များ မသွားရဲသည့်နေရာဖြစ်ကြောင်းလည်း သီပေါမြို့ဒေသခံများ ပြောပြချက် အရသိရသည်။

“ကုံးမုံရွာမှာက မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေ များတယ်။ ကျနော်အထင်သူတို့ ရှင်းလင်းချင်တာထင်တယ်။ ခုသေသွားတဲ့သူတွေလည်း မူးယစ်ဆေးဝါး သုံးတဲ့သူတွေပဲ” ဟု သီပေါဒေသခံ ကိုတူးလီ ကပြောသည်။

ထိုနည်းတူ ကုံးမုံကျေးရွာအနီးတွင် ဧပြီ ၉ ရက်က မိသားစုဝင် ၅ ဦး ပစ်သတ်ခံရပြီး မည်သည့်အဖွဲ့မှ လာရောက်ပစ်ခတ်သွားသည်ကို မသိရှိကြောင်း၊ ယနေ့ချိန်ထိ အမှုမှန် မပေါ်သေးကြောင်းလည်းသိရသည်။

သီပေါမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံ၊ အစိုးရတပ်မတော်နှင့် ပြည်သူ့စစ်များ လှုပ်ရှားသည့်နေရာတစ်ခုဖြစ်ပြီး မကြာခဏ သေနတ်ပစ်ခံသည့် နေရာလည်းဖြစ်သည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...