ကိုရီးယားရောက်မြန်မာ ၃ ပုံ ၁ ပုံ ကြိုတင်မဲပေးရန် လျှောက်ထား

ကိုရီးယားရောက်မြန်မာ ၃ ပုံ ၁ ပုံ ကြိုတင်မဲပေးရန် လျှောက်ထား

ကိုရီးယားနိုင်ငံတွင် တရားဝင်နေထိုင်သည့် မြန်မာနိုင်ငံသား သုံးသောင်းဝန်းကျင်ရှိသည့်အနက် တစ်သောင်းကျော်က ကြိုတင်မဲပေးရန်လျှောက်ထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးတာဝန်ရှိသူက ပြောသည်။

" လက်ရှိ ဒီနှစ်ကတော့ စံချိန်တင်သွားတာပေါ့နော်။ တစ်သောင်းအထိဆိုတော့။" ဟု ဆိုကာ ၂၀၁၅ ခုနှစ်က ခြောက်ထောင်ကျော်သာရှိသည်ဟု သံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးညီညီက မဇ္ဈိမကို ပြောသည်။

 ကြိုတင်မဲစာရင်းများကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး သြဂုတ်လ ၁ဝ ရက်နေ့အထိ နှစ်ကြိမ်ကောက်ယူခဲ့ခြင်းဖြစ်သည်။ ပထမအကြိမ်က ၈၃၂၄ ဦး၊ ဒုတိယအကြိမ်က ၁၈၄၅ ဦးရှိသောကြောင့် လျှောက်ထားသူ စုစုပေါင်း ၁ဝ၁၆၉ ဦးရှိသည်။

" ရွေးကောက်ပွဲအထောက်အကူပြုကော်မတီဖွဲ့ထားတာလေးတွေ ရှိတယ်။ နောက်မြန်မာစားသောက်ဆိုင်တွေ ရှိတယ်ပေါ့နော်။ မြန်မာလူမှုအဖွဲ့အစည်းတွေ ရှိတယ်။ အသင်းလေးတွေလည်း ရှိတယ်။ အဲ့ဒီအကုန်လုံးက နှိုးဆော်ပြီးတော့ သူတို့ လက်ခံပေးတာရှိတယ်။ မဲပေးချင်တဲ့သူတွေဆီကို ကော်မတီနဲ့ အဖွဲ့အစည်းတွေက ပုံစံ ၁၅ ကို ရောက်အောင်ပို့ပေးတယ်။ ပြီးရင် ပြန်စုပေးတယ်။ ရတာကို ကျွန်တော်တို့ဆီကို လာပေးတယ်။ ” ဟု သူက ဆက်ပြောသည်။

ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့တွင် နေထိုင်သော ဒေါ်မာလာရွှေကတော့ အောက်တိုဘာလတွင် သံရုံးကို သွားရောက်ကာ ကြိုတင်မဲပေးရမည့်အပေါ်  ကိုဗစ်-၁၉ နှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေကြောင်း သိရသည်။

“ကိုရီးယားမှာရှိတဲ့ မြန်မာသံရုံးက ကျဉ်းလည်း ကျဉ်းတယ်။ လူတစ်သောင်းကျော်ဘယ်လိုလုပ်ဆောင်မလဲဆိုတာကတော့ အတိအကျတော့မသိရသေးဘူး။ နောက်ပြီးတော့ COVID-19 ကာလလည်းဖြစ်တော့ မြန်မာသံရုံးအနေနဲ့ ကိုရီးယားအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဘယ်လိုဆောင်ရွက်မလဲ မသိသေးဘူး” ဟု ပြောသည်။

 ကြိုတင်မဲပေးနိုင်ရေးလျောက်လွှာများကို နိုင်ငံခြားရေးဝန်ကြီးဌာ၏ အစီအစဉ်ဖြင့် ရွေးကောက်ပွဲကော်မရှင်ကို တိုက်ရိုက်ပေးပို့သွားမှာဖြစ်ပြီးမဲပေးခွင့်ရရှိသူများနှင့် မဲလက်မှတ်များအား သံရုံးကို ပေးပို့သွားမည်ဖြစ်သည်။

ပုံစံ(၁၅)ဖြင့်ကြိုတင်မဲပေးနိုင်ရေးလျှောက်ထားမှုများသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတုန်းကထက်ပိုများလာသောကြောင့် မဲပေးရမည့် နေ့တွင်လည်း မဲပေးကြရန် တိုက်တွန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိ ဦးစိုးညီညီက ပြောသည်။

ပြီးခဲ့သည့်၂ဝ၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်  ကြိုတင်မဲပေးနိုင်ရေး လျှောက်ထားသည့် ကိုရီးယားရောက်မြန်မာ ၆၃၁၁ ဦးရှိပြီး ရွေးကောက်ပွဲကော်မရှင်က စီစစ်ပြီးနောက် မဲပေးခွင့်ရှိသူ ၃၉၄၈ ဦးရှိခဲ့သည်။ ထိုအထဲမှ ရွေးကောက်ပွဲနေ့တွင် လာရောက်မဲပေးသူမှာ ၁၈၆၁ ဦးသာရှိခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံအနယ်နယ်အရပ်ရပ်မှ ဆိုးလ်မြို့ရှိ မြန်မာသံရုံးကိုလာရောက်မဲပေးရသည့်အတွက် အခက်အခဲများစွာရှိသောကြောင့် အမှန်တကယ်လာရောက်မဲပေးသူမှာ အနည်းငယ်သာရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးနိုင်ရေး ပုံစံ ၁၅ လျှောက်လွှာများကို သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများက ကောက်ယူခဲ့ကြသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...