တန်းတူရေး၊ ညီညွတ်ရေး အတွက် ဖြေရှင်းချက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

တန်းတူရေး၊ ညီညွတ်ရေး အတွက် ဖြေရှင်းချက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

နန်းဆိုင်ဖူး - အမျိုးသားတန်းတူရေး၊ အမျိုးသားညီညွတ်ရေးအတွက် ဖြေရှင်းချက်သည် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဩဂုတ် ၁၃ ရက်မနက်ပိုင်း နေပြည်တော်တွင် ကျင်းပသည့် ၉ ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ( JICM) အဖွင့်မိန့်ခွန်းတွင် ပြောဆိုသွားသည်။

“လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရခြင်းရဲ့ အရင်းအမြစ်ဖြစ်တဲ့ အမျိုးသား တန်းတူရေး အမျိုးသား ညီညွတ်ရေးအတွက် ဖြေရှင်းချက်ဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပဲ ဖြစ်ပါတယ် ဆိုတာကို အားလုံးက တစ်ညီတစ်ညွှတ်တည်း လက်ခံ ကြပြီးဖြစ်ပါတယ်” JICM အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

JICM အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် ကာလမှာ ဘယ်လို လုပ်ငန်းစဉ်မျိုး နှင့် ကူးပြောင်းမည်ကို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဘယ်လို အဆင့်မျိုးနှင့် တည်ဆောက်ကြမည်ကို အချင်းချင်းကြား သဘောထား အမျိုးမျိုး ရှိနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ကပြောဆိုလိုက်သည်။

“မတူကွဲပြားတဲ့ သဘောထားအမြင်တွေကို တစ်ထပ်တည်းကျအောင် တစ်ခုတည်းဖြစ်အောင် အတင်းအကြပ်ဖိအားပေးမှုတွေ ဖြေရှင်းလို့ မရနိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ EAO များ ပိုမိုပါဝင်လာရေး စသည့် အကြောင်းအရာများကို နှစ်ဖက် ညှိနှိုင်းရေး အဖွဲ့မှ ၈ လ နီးပါး အချိန်ယူပြီး တရားဝင် ညှိနှိုင်းရေး အစည်းအဝေး ၈ ကြိမ် တိုင်တိုင် အပြန်အလှန်ညှိနှိုင်းဆွေးနွေးရာမှာ ထိုက်သင့်သည့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း JICM အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ဘက်မှ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြောသည်။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် သြဂုတ် (၁၂) ရက်နေ့တွင် အလွတ်သဘောတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး နှင့် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ( NRPC) မှာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က သတင်းမီဒီယာများကို ဖြေကြားခဲ့သည်။

“အဓိက အားဖြင့် ဆွေးနွေးတာက ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးပေါ့။ ဒီကိစ္စတွေကတော့ အဓိကပါပဲ။ လူကြီးတွေ တွေ့တဲ့ချိန်မှာ ပုံမှန်အစည်းအဝေးခန်းထဲ တွေ့တာထက်စာရင် အလွတ်ပေါ့။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး တွေ့တယ်။ သူတို့ပြော နိုင်တယ်ဆိုရင် နှစ်ယောက် ပိုပြီးတော့လည်း နားလည်မှု တည်ဆောက်နိုင်မယ်။ ယုံကြည်မှုလည်း ပိုခိုင်မာလာတယ်။ အထူးသဖြင့် အဲ့ဒီကိစ္စတွေပဲ ပြောကြတာပါ။” ဟု ဦးဇော်ဌေး ကပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် ( RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ဗိုလ်မှူးကြီး စိုင်းငင်း တို့ တက်ရောက်ခဲ့ကြသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...