ကရင့်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်သူ နှစ်ဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်

ကရင့်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်သူ နှစ်ဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနား ဦးဆောင်သူ နှစ်ဦးကို ကျောက်တံတားမြို့မရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ ဖမ်းဆီးအမှု ဖွင့်လှစ်လိုက်ပါတယ်။

ကရင်လူငယ်နှစ်ဦးဖြစ်တဲ့ စောဆာကွာလာ နဲ့ စသိန်းဇော်မင်းတို့ကို အခမ်းအနားကျင်းပနေစဉ်အတွင်းမှာပဲ ကျောက်တံတားမြို့မစခန်းက ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာပါ။

၃ နာရီ နီးပါးကြာစစ်ဆေးပြီးနောက်မှာတော့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်လိုက်တာဖြစ်တယ်လို့  ဦးဆောင်သူတစ်ဦးဖြစ်တဲ့ စောကျော်လင်းက ပြောပါတယ်။

“ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ စွဲထားပါတယ်။ ကျွန်တော်တို့ အခု ရဲစခန်းမှာပါ။ ငြိမ်းစုစီ ၂၀ နဲ့ စွဲထားတယ်ဆိုတာ ရဲတွေက ပြောတာပါ။” ဟု ကရင့်အာဇာနည်နေ့ အခမ်းအနားဦးဆောင်ကျင်းပရာမှာ ပါဝင်သူ စောကျော်လင်း က ပြောပါတယ်။

ကရင့်အာဇာနည်နေ့အခမ်းအနားကို မနက် ၈ နာရီကနေ မွန်းလွဲ ၂ နာရီအထိ ကျင်းပဖို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့က သက်ဆိုင်ရာကို အကြောင်းကြားထားပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်တွေနဲ့အညီ ကျင်းပပြုခဲ့တာဖြစ်တယ်လို့လည်း အခမ်းအနားကို ဦးဆောင်သူတွေက ပြောပါတယ်။

ဒါပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ အခမ်းအနားကို နေ့လည် ၁၁ နာရီအထိသာ ကျင်းပခွင့်ပြုထားခြင်း ဖြစ်ပြီး မွန်းလွဲ ၁၁ နာရီနောက်ပိုင်းအထိ အခမ်းအနားကိုဆက်လက်ကျင်းပခဲ့တဲ့အတွက် အခုလို ဦးဆောင်သူ နှစ်ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကန့်သတ်တားမြစ်ခြင်းဟာ တိုင်းရင်းသားတွေကို တန်းတူ မဆက်ဆံဘူးဆိုတဲ့သဘောကို ဖော်ပြလိုက်တာဖြစ်တယ်လို့လည်း ကရင်အရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှက ပြောပါတယ်။

“ဒါဟာ အလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ဒါဟာတိုင်းရင်းသားတွေကို တန်းတူမဆက်ဆံဘူးဆိုတာ ဖော်ပြတာ။ ရှစ်လေးလုံးနှစ်ပတ်လည် အခုအလှံတောင် မဖြုတ်သေးဘူး။ ကျွန်မတို့အလှံကို အတင်းဖြုတ်ခိုင်းတယ်။ ဒါဟာမတရားလုပ်တဲ့ ကိစ္စ။ ဒါဟာ တိုင်းပြည်ရဲ့ ပုံရိပ်အမှန် ကျဆင်းစေတဲ့ ကိစ္စဖြစ်တယ်။” ဟု နော်အုန်းလှက ပြောသည်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားသူ ဒီမိုကရေ စီနဲ့ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်က ဒေါ်စိန်ထွေးကိုလည်း ရဲတပ်ဖွဲ့က ဒီကနေ့အခမ်းအနားကျင်းပနေစဉ်မှာ ဖမ်းဆီးခဲ့ပါတယ်။

ဒီမိုကရေ စီနဲ့ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်က ဒေါ်စိန်ထွေးကိုဟာ ၂၀၁၉ခုနှစ်က ကျင်းပခဲ့တဲ့ (၆၉) နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားမှာ အခမ်းအနားပြုလုပ်သူတွေဖြစ်တဲ့ နော်အုန်းလှအပါအဝင် သုံးဦးကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးတာကြောင့် အဲဒီဖမ်းဆီးခံရသူတွေအတွက် အလံထောင်ပြီး ဝန်းရံဆန္ဒပြခဲ့တာကြောင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာလည်း ဖြစ်ပါတယ်။

အဲဒီ ၂၀၁၉ခုနှစ်က ကျင်းပခဲ့တဲ့ (၆၉)နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားမှာတော့ ရဲတပ်ဖွဲ့က အခမ်းအနားပြုလုပ်သူတွေဖြစ်တဲ့ နော်အုန်းလှအပါအဝင် သုံးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ဖမ်းဆီးခဲ့ပြီး တရားစွဲတင်ခဲ့တဲ့အတွက် တရားရုံးက ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်ခဲ့ပါတယ်။

 “အရင်ရက်တွေ ဖမ်းဆီးလို့ ရရဲ့သားနဲ့ အခုမှ နှစ် ၇၀ ပြည့် ကရင့်အာဇာနည်နေ့မှ လာဖမ်းတယ်ဆိုတာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားအောင်လုပ်တာပဲ။ ဒါဟာ အာဏာပိုင်တွေ သက်သက် စည်းလုံးညီ ညွတ်မှုကို ဖျက်စီးတာ။ ကျွန်မကို ဝရမ်းပြေးလို့ ပြောတယ်။ ဘယ်မှပြေးတာမဟုတ်ဘူး။ ပြည်သူတွေကို ဝန်းရံတယ်။ အပြစ်မရှိတဲ့အတွက် ဘယ်မှသွားစရာမလိုဘူး။ ” ဟု ဒေါ်စိန်ထွေးက ပြောသည်။

ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး ကွယ်လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး အခမ်းအနားတွေကို ရန်ကုန်မြို့အပါအဝင် ကရင်တိုင်းရင်းသားတွေ ရှိတဲ့နေရာတွေမှာ ကျင်းပပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...