လာမည့်ရွေးကောက်ပွဲတွင် SSPP/SSA ဌာနချုပ် ၌ မဲပုံးထောင်ခွင့်ပေးမည်

လာမည့်ရွေးကောက်ပွဲတွင် SSPP/SSA ဌာနချုပ် ၌ မဲပုံးထောင်ခွင့်ပေးမည်

စိုင်းယွက်ခမ်း — သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ဖြစ်သည့် ၀မ့်ဟိုင်းတွင် လာမည့်ရွေးကောက်ပွဲ၌ လွတ်လပ်စွာမဲပုံးထောင်ခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

SSPP/SSA ထိန်းချုပ်နယ်မြေဖြစ်သော သျှမ်းပြည် မြောက်ပိုင်းနှင့်တောင်ပိုင်းထိစပ်သည့် ကျေးသီး၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်မြို့နယ်များအတွင်း မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၂ သိန်းခန့်ရှိပြီး၊  ၀မ့်ဟိုင်းတွင် ၁ သောင်းခန့်ရှိသည်။

အဆိုပါမဲပေးခွင့်ရှိသူများအားလုံး လွတ်လပ်စွာမဲပေးခွင့်ရရှိစေရေးအတွက် မဲရုံ ၃-၄ နေရာအထိ မဲပုံးထောင်ခွင့်ပေးမည်ဖြစ်ကြောင်း SSPP/SSA  ပြောခွင့်ရ ဒု ဗိုလ်မှူးကြီးစိုင်းဆု က သျှမ်းသံတော်ဆင့်အားပြောသည်။

“ကျနော်တို့ထိန်းချုပ်ဒေသမှာဆိုရင် ကျနော်တို့ကောက်ထားတဲ့သန်းခေါင်စာရင်းအရ လူဉီးရေ ၂ သိန်းလောက်ရှိတယ်။ အများစုက ရွာကလူတွေပါ။ အားလုံးလွတ်လပ်စွာ မဲပေးခွင့်ရှိပါတယ်” ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။

ဇူလိုင် ၂၆ မှ သြဂုတ် ရ ရက်နေ့အထိ အစိုးရ၏ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ SSPP ဌာနချုပ်အခြေစိုက်ရာ ကျေးသီးမြို့နယ်ရှိအုပ်စုများဖြစ်သော မိန်းကောဝ် ၊ နောင်ဆွမ်း၊ မိန်းနန်း၊ ၀မ်ဝပ်၊ ဟာဝမ်၊ ခေါက်စန့်၊ ခုမ်ပန်၊ ကျိန်းလိန်၊ ဖတ်းနမ်၊ ၀မ့်ဖွီးနှင့် ပန်စေ့ အုပ်စုများတွင် မဲပေးပိုင်ခွင့်ရှိသူ ၆ သောင်းကျော်ရှိကြောင်းသိရသည်။

ထိုသို့ မဲပေးပိုင်ခွင့်ရှိသူများပြားသော်လည်း တချို့တဝက်မှာ တရုတ်နှင့်ထိုင်းဘက်သို့အလုပ်သွားလုပ်ကြသူများဖြစ်ကြကြောင်း ဒုဗိုလ်မှူးကြီးစိုင်းဆု က သျှမ်းသံတော်ဆင့်အားပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲက အဆိုပါဒေသတွင် အစိုးရတပ်မတော်က အင်အားသုံးကာ SSPP/SSA အားထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရွေးကောက်ပွဲကျင်းပခွင့်မပြုကြောင်း ပြည်ထောင်စုရွေးကာက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှသာ မိုင်းရှူး၊ ကျေးသီးတွင်လွှတ်တော်အမတ်များကို ရွေးချယ်မဲပေးခွင့်ရခဲ့သည်။

SSPP ထိန်းချုပ်ဒေသအတွင်းပါရှိသော်လည်းတိုက်ပွဲမရှိသဖြင့် သီပေါမြို့တွင်မူ ထိုစဉ်က မဲပေးခွင့်ရှိခဲ့ပါသည်။

သီပေါမြို့နေ စိုင်းအိုက်ဦးက  “ကျနော်တို့က SSPP ထိန်းချုပ်ဒေသထဲမှာပါ ။ ၂၀၁၅ ရွေးကောက် ပွဲတုန်းက မဲပေးရပါတယ်။ ဒီနှစ်လည်း အဲလိုဘဲထင်ပါတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

၂၀၁၇ ရွေးကောက်ပွဲတွင်မူဝမ့်ဟိုင်းဌာနချုပ်အတွင်း မဲပုံး ၂ နေရာနှင့် ၀မ့်ဟိုင်းအနီးရှိ ပါခီးတွင် တနေရာ ထောင်နိုင်ခဲ့ကြောင်း ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းစံမိန်းက ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃၈ ခုရှိကြောင်းသိရသည်။ ထိုအနက် ငွေအင်အားနှင့်လူအင်အား အများဆုံးသုံးနိုင်သည်မှာ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီ နှင့် လက်ရှိအာဏာရထားသော အမျိုးသားဒီမိုကရေစီအဖွဲချုပ်တို့ဖြစ်ကြောင်း နိုင်ငံရေးပါတီများအသိုင်းအဝိုင်းထံမှ သိရသည်။ 

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...