ကန့်ကွက်သူမရှိပါက ကျေးသီးမြို့နယ်ရှိ မြေယာဧက ၁၀၀၀ ကျော် သိမ်းခံရမည်ဟု မြို့နယ်မြေယာဌာနထုတ်ပြန်

ကန့်ကွက်သူမရှိပါက ကျေးသီးမြို့နယ်ရှိ မြေယာဧက ၁၀၀၀ ကျော် သိမ်းခံရမည်ဟု မြို့နယ်မြေယာဌာနထုတ်ပြန်

စိုင်းယွက်ခမ်း  — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ မြေဧက ၁၀၀၀ ကျော်ကို ကန့်ကွက်သူမရှိပါက သိမ်းဆည်းခံရမည်ဟု ကျေးသီးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန က ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ကျေးသီးမြို့နယ် မြို့မြောက်ပိုင်းနေ အုပ်စု မြေဧက ၁၀၀၀ ကျော်ကို ကန့်ကွက်လိုပါက သြဂုတ် ၁၅ရက်တွင် နောက်ဆုံးထားပြီး စာတင်ရမည်ဖြစ်ပြီး၊ ကန့်ကွက်စာ မတင်ပါက ထိုမြေယာများ သိမ်းဆည်းခံရမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဉီးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ထို ကြေညာစာအား ဇူလိုင် ၁၆ရက်တွင် မြို့နယ် လယ်ယာမြေက ထုတ်ခဲ့ပြီး၊ ဒေသခံ လူထုများက သြဂုတ် (၂) ရက်တွင် လက်ခံရရှိခဲ့သည်။

သြဂုတ် ၁၅ ရက်ထက်ကျော်လွန်ပြီး ကန့်ကွက်စာမပေးပို့ပါက ကျေးသီးမြို့ မြောက်ဘက်ရှိ (၀မ်ဝပ်ကျေးရွာအုပ်စု မှ ၉ ရွာနှင့် ပန်စေ့အုပ်စုမှ ၁၂ ရွာအတွင်းရှိ) မြေဧက ၁၀၀၀ ကျော်တွင် ATTITUDE & HONESTY CO.Ltd နှင့် NAMPAN DEVELOPEMENT & INVESTMENT Co.Ltd တို့အား ကြက်ဆူပင်၊ ပန်းနီပင်စိုက်ပျိုးရန်နှင့် ကျွဲနွားစားကျက်အဖြစ်ပြုလုပ်ရန် ခွင့်ပြုတော့မည်ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပန်စေ့အုပ်စု ဥက္ကဌ လုံးစိုင်းတင့်က – “ကျနော်တို့ လယ်ယာမြေတွေပါ။ ကျေးသီးက ကိုယ်စားလှယ်တွေက ကျနော်တို့ကိုလာပြီးလက်မှတ်ထိုးခိုင်းပါတယ်။ ရွာသားတွေလက်မှတ်မထိုးပေးပါဘူး။ ကျနော်လည်းမထိုးခဲ့ပါဘူး။ စိုက်ပျိုးမြေမရှိရင်ရွာသားတွေဘာလုပ်ကိုင်စားသောက်နိုင်တော့မှာလဲ။ ကျနော်တို့ သဘောမတူပါဘူး။မနက်ဖြန်ကျနော်တို့ ကန့်ကွက်စာသွားတင်ပါမယ် ”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

ကျေးရွာ အုပ်စု ၂ ခုရှိ လယ်ယာမြေများကိုမြေလွှတ်မြေရိုင်းဟုဆိုကာ လာရောက်လျှောက်ထားတောင်းဆိုနေသည့် ကုမ္ပဏီများမှာ ATTITUDE & HONESTY CO.Ltd မှ မြေ ၃၀၀ ဧက၊ NAMPAN DEVELOPEMENT & INVESTMENT Co.Ltd အမည်ဖြင့် မြေဧက ၃၀၀ တို့ဖြစ်သည်။

ထို့အပြင် လားရှိုးမှတ်ပုံတင်နံပတ်ဖြင့် နန်းဆိုင်နွမ်မှ ဧက ၅၀၊ တောင်ကြီးမှတ်ပုံတင်နံပတ်ဖြင့် ဦးထွန်းထွန်းလွင်မှ ဧက ၃၅၀ ၊ရန်ကုန်မြို့ မှတ်ပုံတင်နံပတ်ဖြင့် ဦးထွန်းညိုမှ ဧက ၅၀ တို့ဖြစ်ကြောင်း ကျေးရွာဒေသခံများ ပြောပြချက်အရသိရသည်။

ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းစံမိန်း -“အစိုးရထံမှာ ကုမ္မဏီက တောင်းနေတဲ့ကိစ္စ ၊ အဲတာစိုးရိမ်စရာမရှိပါဘူး။ ဒေသခံလူထုကနေ ဒါကို သဘောမတူနိုင်ဘူးလို့ကန့်ကွက်လိုက်ရင် ကုမ္မဏီဘက်ကလည်းဘာမှမတတ်နိုင်ဘူးလေ။ ကျနော်တို့ကတော့ လူထုဘက်က ရပ်တည်သွားမယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းနှင့်ပတ်သက်ပြီး သြဂုတ်လ ၅ ရက်နေ့က ပန်စေ့အုပ်စု ၊ ၀မ်ဝပ်အုပ်စု တို့မှ ရွာပေါင်း ၂၁ ရွာမှ လူဉီးရေ ၄၆၈ ဉီးတို့နှင့် အတူ ကျေးသီးမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပန်စေ့အုပ်စု ဘုန်းကြီးကျောင်းတွင်တွေ့ဆုံဆွေးနွေးကာ ဒေသခံလူထုအများစုက သဘောမတူဟု ပြောဆိုခဲ့ကြသည်။

အဆိုပါမြေနေရာများသည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်လှုပ်ရှားရာနယ်မြေဒေသဖြစ်သဖြင့် ဒေသခံလူထုဘက်မှ ရပ်တည်ဖြေရှင်းပေးမည်ဟုမျှော်လင့်ကြောင်း ကျေးသီးဒေသခံလယ်သမားများကပြောဆိုသည်။

“ဒီနေရာတွေက မြေလွှတ်မြေရိုင်းနေရာတွေလို့ သူတို့ပြောကြတယ်။ မဟုတ်ပါဘူး။ ကျနော်တို့နှစ်တိုင်း စိုက်ပျိုးစားသောက်တဲ့နေရာတွေဖြစ်တယ်။ ယာစိုက်တယ်ဆိုတဲ့သဘောတရားက နေရာရွှေ့ပြီးစိုက်ရတယ်လေ။ ကျနော်တို့အခု ပြသနာဖြစ်နေနဲ့နေရာ က SSPP/SSA ထိန်းချုပ်နေရာထဲမှာပါနေတော့ အဲဒီက လူကြီးတွေ ကျနော်တို့ကို ကူညီဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” – ဟု ၀မ်ဝပ်ကျေးရွာနေဒေသခံတဉီးကပြောသည်။

၄င်းနှင့်ပတ်သက်ပြီး SSPP/SSA ဘက်မှ မည်သို့ဆောင်ရွက်ဖြေရှင်းပေးမည်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။

အတည်မပြုနိုင်သည့်သတင်းများအရ အဆိုပါဒေသသည် ကျောက်မီးသွေးများရှိသဖြင့် စိုက်ပျိုးရေး မွေးမြူရေးအတွက် ကုမ္မဏီမှ တောင်းသည်မှာ အမည်ခံသာဖြစ်ကြောင်း၊ အဓိကမှာ ကျောက်မီးသွေးတူးဖော်ရန်အတွက်သာဖြစ်ကြောင်းလည်းကြားသိရသည်။

ကျောက်မီးသွေးတူးဖော်ပါက လယ်ယာမြေများပျက်စီးခြင်း၊ ရေထွက်ဉီးနှင့် သဘာဝ ချောင်းရေမြောင်းရေများ ပျက်စီးကာ စိုက်ပျိုးရေးအတွက်အခက်အခဲဖြစ်မည်ဖြစ်ကြောင်း ဒေသခံများကပြောဆိုနေကြသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...