နမ့်စန်တွင် ရေကြီးရေလျှံမှုဖြစ်

နမ့်စန်တွင် ရေကြီးရေလျှံမှုဖြစ်

နန်းဆိုင်ဖူး - သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အနိမ့်ပိုင်းရပ်ကွက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် ၁၀ရက် တွင် နမ့်စန်မြို့နယ်ရှိ အမှတ်(၁) ရပ်ကွက် အနိမ့်ပိုင်းမှာ ရှိသည့် အိမ်ခြေပေါင်း ( ၂၃၁) အိမ်ခန့် ရေဘေးကြုံနေရပြီး အိမ်ခြေ (၃၂၈) အိမ်ခန့် စိုးရိမ်ရသည့် အခြေအနေကြုံတွေ့ခဲ့ရကြောင်း နမ့်စန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့မှာတော့ ရေ တစ်ပေခွဲလောက် ပြန်ကျနေပါပြီ။ ညပိုင်း မိုးသိပ်မရွာတဲ့အတွက် ပြန်လျော့နေပါပြီ။ ချောင်းရေလျှံပြီးတော့မှ ထွက်လာတာ။ ၄ နှစ်တစ်ကြိမ် ၃ နှစ်တစ်ကြိမ် အဲလိုမျိုး တက်ဖူးတယ်။ အဓိကအားဖြင့် ဝါထပ်ရင် အနိမ့်ပိုင်းမှာ ရေတက်တာများတယ်” ဟု ဦးလှထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်စန်မြို့ရှိ အနိမ့်ပိုင်း ရပ်ကွက်တွင် လွန်ခဲ့သည့် ၁၀ စုနှစ်ကာလ က နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှု ကြုံတွေ့ရသည့်အတွက်ကြောင့် အနိမ့်ပိုင်းရပ်ကွက်တွင်းရှိ နေအိမ်များမှာ ခြေတိုင်ရှည်အိမ်များ တည်ဆောက်ပြီး နေထိုင်ရကြောင်း သိရသည်။

“မနေ့က အခြေနေမှာ ထပ်တစ်ပေလောက်တက်ရင် စိုးရိမ်ရတဲ့ အိမ်တွေက မဖြစ်မနေ ရွေ့ရမှာပေါ့။ အဓိက အားဖြင့် တောင်ကျရေတွေ များတဲ့အတွက် ချောင်းမှာပဲ ရေအမြဲတမ်းများတယ်။ ဟိုတုန်းက နှစ်တိုင်း လိုလို ကြုံတွေ့ရတယ်။” ဟု ဦးလှထွေး က ပြောသည်။

အနိမ့်ပိုင်း ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပါက ရေကြီးနိုင်ပြီး၊ ဝါထပ်လျှင်လည်း ရေကြီးလာနိုင်ကြောင်း နမ့်စန်မြို့ အမှတ် (၁) ရပ်ကွက်နေ ကိုမျိုး တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မိုးမရွာတော့ ရေက နည်းနည်း ပြန်ကျတယ်။ မိုးကြီးရင် ရေက ပြန်တက်လာတယ်။ ဖောင်တွေတော့ အဆင်သင့် လုပ်ထားတယ်။ ရေထပ်ကြီးလာရင် ကြိုတင်ပြင်ဆင်ထားတဲ့ အနေနဲ့။” ဟု နမ့်စန်ဒေသခံ ကိုမျိုး က ပြောသည်။

အဆိုပါ ရေကြီးသည့် နေရာသည် လွန်ခဲ့သည့် ၂၀၁၈ ကာလက ရေကြီးမှု ကြုံတွေ့ခဲ့ရပြီး ၂၀၁၉ မှာတော့ ရေကြီးမှု မကြုံရကြောင်း ဦးလှထွေး ကပြောသည်။

ပြီးခဲ့သည့် မေလလယ်တွင်လည်း နမ့်စန်မြို့နယ်ရှိ ကျေးရွာ ၅ ရွာခန့်တွင် လေပြင်းမုန်တိုင်း တိုက်ခိုက်ခြင်းခံရသည့်အတွက်ကြောင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့တွင်လည်း တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး မြေပြိုကာ အမျိုးသား တစ်ဦး သေဆုံးခဲ့သည်။

ယမန်နှစ် စက်တင်ဘာလကလည်း တောင်ကြီးမြို့တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေမြောင်း တစ်ခုအတွင်း အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကျွံကျပြီး ရေစီးဖြင့် မျောပါသေဆုံးခဲ့ကြောင်း သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...