ရခိုင် မြောက်ပိုင်းတွင် မဲစာရင်းသွားကြည့်ရန် ပြည်သူများ ကြောက်ရွံ့နေ

ရခိုင် မြောက်ပိုင်းတွင် မဲစာရင်းသွားကြည့်ရန် ပြည်သူများ ကြောက်ရွံ့နေ

စစ်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်များအတွင်း ရွေးကောက်ပွဲ နှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် စိတ်ဝင်စားမှု အားနည်းနေသည်ဟု ဒေသခံများက ပြောသည်။

မဲဆန္ဒရှင်စာရင်းများကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားသော်လည်း သွားရောက်ကြည့်သူ မရှိ သလောက် နည်းပါးနေသည်ဟု သိရသည်။

ကျောက်တော်မြို့  ဒေသခံ ဦးကျော်လှမြင့် က “မဲစာရင်းလား ဘာမှ စိတ်မဝင်စားကြဘူး လူထုက။ အဓိကတော့ လုံခြုံရေးလည်း အဆင်မပြေဘူး။ တစ်နေရာနဲ့ တစ်နေရာ ကူးလူးဆက်ဆံဖို့ကလည်း အဆင်မပြေဘူး။ သွားဖို့ လာဖို့လည်း မလွယ်ဘူး။ သွားရင် ပျောက်သွားမှာတို့ ဖမ်းခံရမှာတို့ ကြောက်ရတယ်။”

ကျောက်တော်မြို့တွင် တပ်မတော်တပ်ဖွဲ့များ ရှိနေသည့်အတွက် စိုးရိမ်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။  

“ကစ္စပ္ပနဒီတံတားမှာ သူတို့ က အမြဲရှိနေတော့ အကုန်က ကြောက်နေကြတာ။ တစ်အိမ်နဲ့တစ်အိမ်တောင် သွားလာဖို့ ကြည့်ပြီးသွားနေရ တယ်။ သူတို့က သေနတ်ကြီးတွေနဲ့လေ။ ခေါ်စစ်တာလောက်က အကြောင်းမဟုတ်ဘူး။ စစ်ပြီဆို ရိုက်တာ၊ ဖမ်း  ခေါ်သွားတာ၊ ပျောက်သွားတာတွေက မနည်းဘူးလေနော်။ တကယ်တော့ ကျနော်တို့ပြည်သူက AA အမာခံ လည်း မဟုတ်ပါဘူး။ ဒါလည်း စွပ်စွဲပြီးဖမ်းတယ်လေ။ အဲ့တော့ အားလုံးကကြောက်နေကြတယ်” ဟု ပြော သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် ရသေ့တောင်မြို့နယ်က အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ပြည်သူတွေက ကျီး လန့်စာစားပေါ့၊ မဲစာရင်းတွေဘာတွေလည်း စိတ်မဝင်စားဘူး။ လွှတ်တော်က အစ်ကိုတို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဘာမှ လုပ်ပေးတာတွေ မရှိဘူးဆိုတော့ ဒီလွှတ်တော်ကိုယ်စားကိုရော၊ အစိုးရ ကိုယ်ရော၊ မဲပေးနိုင်တဲ့စာရင်းတွေရော ဘာတစ်ခုမှ စိတ်မဝင်စားဘူး။ ပြည်သူတွေက အကုန်လုံး အဲ့လိုပဲ ဖြစ်နေကြတယ်။ မဲစာရင်းလည်း သွားမကြည့်ဘူး။ ဒီမှာက စားဝတ်နေရေးလည်းခက်ခဲတယ်။ ရွာတော်တော် များများကလည်း စစ်ရှောင်နေကြရတယ်။ အားလုံးကိုယ့်ရွာမှာ မရှိတော့ဘူးလေ” ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ပုဏ္ဏား ကျွန်းမြို့နယ်များအတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို အခြားသောမြို့နယ်များနည်းတူ ဇူလိုင်လ ၂၅ ရက်နေ့မှ သြ ဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်/ကျေး ရုံးများတွင် ထုတ်ပြန်ကြေညာထားသည် ဟု သိရသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “မဲစာရင်းသွားကြည့်တာ လျော့ နည်းတာ၊ သွားမကြည့်ကြတာ၊ စိတ်ဝင်စားမှုနည်းတာကတော့ အမှန်ပါပဲ။ ကော်မရှင်ကတော့ မဲစာရင်းတွေကို ကပ်ထားပေးတယ်ဆိုတာလည်း သိရတယ်။ မြို့နယ်တိုင်းမှာက ဒီ ကော်မရှင်က မဲဆန္ဒရှင်စာရင်းတွေကို တခြား မြို့ နယ်တွေလိုပဲ မြောက်ပိုင်းက မြို့နယ်တွေမှာလည်း ကပ်ထားပေးတယ်။ ဒါပေမယ့် အခု တိုက်ပွဲဖြစ်နေတဲ့နေ ရာတွေမှာ ရွေးကောက်ပွဲကျင်းပမယ်၊ မကျင်းပဘူးဆိုတာကို တိတိကျကျထုတ်ပြန်ဖို့လိုတယ်။ သူတို့ကတော့ မြို့နယ် အကုန်လုံး ၃၃၀ လုံးမှာ လုပ်မယ်ဆိုပြီးတော့ ကြေငြာတယ်။ ကပ်ထားတယ်လို့သိရတယ်။ တစ်နေရာမှ မထုတ်ပြန်တာတော့ မရှိဘူးတဲ့။ ကော်မရှင်အနေနဲ့ သဘောဝဘေးအန္တရာယ် ကြောင့်ဖြစ်စေ၊ အကြောင်း  ကြောင်းကြောင့် ဖြစ်စေ၊ ရွေးကောက်ပွဲကို ရပ်ဆိုင်းနိုင်ဖို့ သူတို့မှာ အာဏာရှိ တယ်။ အခွင့်အရေး ရှိတယ်” ဟု ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် လုံခြုံရေး အာမခံချက် ပေးမည်ဆိုပါက အဆင်ပြေနိုင်သည်ဟု ဒေါ်ခင်စောဝေ က ဆက် ပြောသည်။

“တိုက်ပွဲတွေကလည်း မကြာခဏဖြစ်နေတယ်။ ပြည်သူတွေက မဲထည့်ဖို့အတွက် လုံခြုံမှုမရှိမှာကိုလည်း စိုးရိမ် နေတာလည်း တွေ့ရတယ်။ အဲ့ဒီအတွက် အစိုးရက လုံခြုံရေးပေးဖို့လိုတယ်ပေါ့နော်။ ဒါပေမယ့်လည်း စစ်ဘေး  ရှောင်စခန်းတွေမှာရော၊ တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေလည်း အစိုးရတာဝန်ရှိသူတွေ၊ အာဏာပိုင်တွေ၊ ပါတီ  တွေနောက်ပြီး ပြည်သူတွေ စုပေါင်းပြီး တာဝန်ယူ၊ လုံခြုံရေးလုပ်ပေးတာမျိုးဆိုရင်တော့ လုပ်လို့ရမယ့် အခြေ အနေရှိပါတယ်။ ဒါကို အစိုးရအနေနဲ့ ဒီမိုကရေစံနှုန်းနဲ့အညီ မြို့နယ်အားလုံးမှာ  ရွေးကောက်ပွဲဖြစ်ဖို့ အတွက် ပိုပြီးတာဝန်ရှိပါတယ်။ အဲ့လိုမျိုး မြို့နယ်အားလုံးမှာ ရွေးကောက်ပွဲဖြစ်လာဖို့ တာဝန်ရှိပေးဖို့ တိုက်တွန်း လိုပါ တယ်။”

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒရှင် (မဲပေး  ပိုင်ခွင့်ရှိသူ) ၁၆ သိန်းကျော်ရှိသည်ဟု သိရသည်။

အဆိုပါ မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ သက်ဆိုရာ ရပ်/ကျေး ရုံးများတွင် ကပ်ထားပေးမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်များ အနေဖြင့် မိမိတို့၏ အမည်ပါ/မပါ၊ အမည်၊ မှတ်ပုံတင်နှင့် အချက်အ လက်များ မှားယွင်းမှု ရှိ/မရှိ စိစစ်စစ်ဆေးပြီဒ မှားယွင်းမှုှရှိပါက ကော်ရှင်ရုံးခွဲများထံ တင်ပြကြရန် ထုတ်ပြန် ထားသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...