အားကစားခန်းမများကို မဲရုံအဖြစ်အသွင်ပြောင်းနိုင်ရေး စီစဉ်နေ

အားကစားခန်းမများကို မဲရုံအဖြစ်အသွင်ပြောင်းနိုင်ရေး စီစဉ်နေ

နိုဝင်ဘာ ၈ ရက်နေ့ပြုလုပ်မည့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲရုံများအား အားကစားခန်းမများတွင်ဆောင်ရွက်နိုင်ရေး နှင့် မဲဆန္ဒရှင်များသည့် နေရာများတွင် အဆိုင်းများခွဲကာဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးမြင့်နိုင်က ပြောသည်။

၎င်းက"မဲရုံတွေကို တချို့အားကစားရုံတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အဲ့လိုနေရာတွေနဲ့ ကျွန်တော်တို့ ပြန်ရွေးပြီး ဆောင်ရွက်သွားပါမယ်" ဟု ပြောသည်။

သြဂုတ် ၅ရက်နေ့က ပြုလုပ်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရွေးကောက်ပွဲ များအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်တို့နှင့် အွန်လိုင်းဆွေးနွေးမှုတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"‌ခြောက်ပေကွာနဲ့ မဲထည့်နှုန်းကို သတ်မှတ်လိုက်တဲ့အခါကျတော့ တစ်ယောက်ကို ခုနှစ်မိနစ်ကြာပါတယ်။ ခုနှစ်မိနစ်ကြာတဲ့အခါကျတော့  အဲ့ဒါကို မနက် ခြောက်နာရီကနေ ညနေ လေးနာရီကို တွက်လိုက်တဲ့အခါကျတော့ မဲရုံတစ်ရုံ မဲပေးမယ့်နေရာမှာ ၇၀၀ထက်မပိုရင်တော့ ကျွန်တော်တို့အဆင်ပြေမယ်လို့ ယူဆတဲ့အတွက်ကြောင့် မဲဆန္ဒရှင်တွေကို အဆိုင်းလိုက် လုပ်ဖို့ စီစဉ်ထားပါတယ်" ဟု ဦးမြင့်နိုင်ကပြောသည်။

COVID-19 ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လူတစ်ဦးနှင့်တစ်ဦးခြောက်ပေခွာကာ မဲပေးနိုင်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အခုလိုစီစဉ်ရခြင်းဖြစ်သည်။ မဲရုံများသည် နေရာကျယ်ဝန်းရန် လိုအပ်သောကြောင့် အားကစားရုံများအားရွေးချယ်ကာ ဆောင်ရွက်သွားရန်ရှိနေသည်။

ယခင်ရွေးကောက်ပွဲများတွင်မဲရုံများအား စာသင်ကျောင်းများတွင် အများဆုံးပြုလုပ်လေ့ရှိသည်။၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်  မဲရုံများမှာ ယခုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ခြောက်ပေမကွာဘဲ မဲပေးခဲ့ကြရသော်လည်း အချို့မဲရုံများသည် မဲရုံဖွင့်ချိန်ဖြစ်သည့် နံနက် ခြောက်နာရီမှ မဲရုံပိတ်ချိန် ညနေ လေးနာရီအထိ အချိန်လုံလောက်မှုမရှိဘဲ ညနေခြောက်နာရီမှ ပြီးသည့် မဲရုံများလည်းရှိခဲ့သည်။

ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယခုရွေးကောက်ပွဲတွင်လည်း လိုအပ်လျှင် အချိန်ပိုပေးရန်ကိစ္စအား မေးမြန်းသည့်အခါတွင် မဲပေးမည့်ပြည်သူများအနေဖြင့် မဲရုံပရဝုဏ်အတွင်းသို့ ညနေ လေးနာရီမထိုးခင်အရောက်လာရန် လိုအပ်ပြီး ၎င်းတို့ပြီးသည်အထိ မဲပေးရန် လုပ်ဆောင်သွားမည်ဟု ဦးမြင့်နိုင်က ပြန်လည်ဖြေကြားခဲ့သည်။

တစ်ဦးနှင့်တစ်ဦး ခြောက်ပေခွာကာနေရသည့်အတွက် ညနေလေးနာရီ မထိုးခင် မဲရုံပရဝုဏ်ထဲသို့ အားလုံးဝင်နိုင်ပါ့မလားဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့သည်။

"စဉ်းစားတာပါ အားလုံးကဝင်နိုင်ပါ့မလား။ မဲရုံဆိုတာ ဆိုပါတော့ ကျောင်းတစ်ခုမှာဆိုရင် ကျောင်းခြံထဲမှာ တန်းစီပြီးစောင့်ရမှာပေါ့။ အဲ့တော့ ခြံက သိပ်ပြီးတော့ မကျယ်ဘူးဆိုရင် ဒီခြောက်ပေဆိုတော့ အားလုံးဆံ့ပါ့မလား။ အပြင်မှာ လျှံထွက်နေမလား။ အဲ့ဒါလေးကိုတော့ နည်းနည်းစဉ်းစားပေးစေလိုပါတယ်'' ဟုဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ယခင်ရွေးကောက်ပွဲများတွင် လူတစ်ဦးနှင့်တစ်ဦး တစ်ပေခန့်သာခွာကာ မဲပေးခဲ့ကြပေမယ့် ယခုခြောက်ပေခွာရသောကြောင့် မဲရုံဧရိယာအား ယခင်ထက်ခြောက်ဆပိုသုံးရမည်ဖြစ်သည်။ မဲရုံပိတ်ချိန်တွင် တန်းစီစောင့်နေသူများသည် မဲရုံပရဝုဏ်အတွင်း မရောက် နိုင်သောကြောင့် မဲပေးခွင့်ဆုံးရုံးရသည့်အဖြစ်မျိုးမဖြစ်အောင် စီစဉ်ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးခဲ့သည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...