တရုတ် အထူးသံနှင့် KIO တွေ့ဆုံ၊ ၂၁ ရာစု ပင်လုံ အပါအဝင် ကိစ္စရပ်များ ဆွေးနွေး

တရုတ် အထူးသံနှင့် KIO တွေ့ဆုံ၊ ၂၁ ရာစု ပင်လုံ အပါအဝင် ကိစ္စရပ်များ ဆွေးနွေး

အစိုးရနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန် အပါအဝင် COVID-19 ကာကွယ် တားဆီးရေး လုပ်ငန်းနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တရုတ်အထူးသံတမန်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က KIO နှင့် တရုတ်အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန်တို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ ရင်ကျန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြ သည် ဟု KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“သူဖက်ကနေ ကျနော်တို့ကို တိုက်ပွဲ အခြေအနေတွေကို မေးမြန်းတာမျိုးတွေ နောက်ပြီးတော့ COVID-19 ရောဂါကာကွယ် နိုင်နှင်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ ရှိတယ်။ ပြီးတော့ ၂၁ ရာစု ပင်လုံညီ လာခံ နဲ့ ပတ်သက်တာတွေ ဆွေးနွေးတယ်။”

ထို့အပြင် နယ်စပ်ဒေသတစ်လျှောက် တိုက်ပွဲများ မဖြစ်ပွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် နှင့် နယ်စပ်ဒေသတည် ငြိမ်းအေးချမ်းရေးတို့ကို အလေးထားဆောင်ရွက်ရန်အပြင် အစိုးရ NRPC နှင့် ရပ်တန့် နေသည့် နိုင်ငံရေး ဆွေးနွေးမှုများကိုလည်း ဆက်ပြီးလုပ်ဆောင်နိုင်အောင် ကြိုးစားရန် မစ္စတာ ဆွန်ကော့ ရှန် ဖက်မှ ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

KIO ဖက်မှ ဆွေးနွေးချက်နှင့် ပတ်သက်၍ “ကျနော်တို့ KIO ဖက်ကလည်း ဒီရောဂါကာကွယ်နိုင်နှင်းရေး တာဝန်ကို ထမ်းဆောင်ကြတာဖြစ်ပါတယ်။ ဆိုတော့ အဲဒါက အချင်းချင်း လက်တွဲပြီးမှ ကာကွယ်နိုင်နှင်းရမယ့် ကိစ္စတွေကို ကျနော်တို့ KIO အနေနဲ့ လည်း ဆွေးနွေးတယ်။ သူဖက်ကလည်း အဲဒါအကြောင်းတွေ ကို  ဆွေးနွေးတာ အဲဒါရှိတယ်။” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။  

“ပင်လုံညီလာခံနဲ့ ပတ်သက်လို့ သူကတော့ ဖိတ်ကြား လို့ ရှိရင်  တော့ ညီလာခံတော့ တက်ရင်ကောင်းပါတယ်။ ဆိုပြီးမှ သူ့ဖက်ကနေ ကျနော်တို့ကို တွန်းအားပေးတာတော့ ဒါမျိုးတွေတော့ရှိတယ်။ ကျနော်တို့ကတော့ ဖိတ်စာလည်း မရဘူး။ အဲဒါကြောင့် တကယ်လို့များ ဖိတ်စာရရင် အဲဒီဖိတ်စာအပေါ်မှာ မူတည်ပြီးမှပဲ ကျနော်တို့က ဆုံးဖြတ်မှာ ဖြစ်တဲ့အကြောင်းတွေကို သူ့ကို ပြန်ပြီးမှ ဆွေးနွေးတာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

KIO နှင့် တရုတ်အထူး သံတမန်တို့ တွေ့ဆုံသည့် ဆွေးနွေးပွဲတွင် မြောက်ပိုင်း မဟာမိတ် အဖွဲ့များလည်း ပါဝင် တက်ရောက်ခဲ့သည်ဟု သတင်းများထွက်ပေါ် နေသော်လည်း သတင်းနှင့် မီဒီယာ ကွန်ရက် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

PCG မှ ဦးဆမ်အောင်က “ကျနော်အဲဒါ အသေအချာ အသိဘူးခင်ဗျာ။ ကြားတော့ ကြားထားတယ် အသေး စိတ်တော့ ကျနော်မသိဘူးခင်ဗျား။ သတင်းမှာ ပါလာတာပဲ တွေ့တယ် ဘယ်အဖွဲ့တွေ ပါလာတာဆို လည်း မသိဘူး။ အဲဒီ မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့တယ်လို့ပဲ ကြားသေးတယ်” ဟု ပြောသည်။  

KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “မစ္စတာ ဆွန်ကော့ရှန်နဲ့ မြောက်ပိုင်း မဟာမိတ်တွေ တွေ့တာကတော့ ကျနော်ကတော့ မသိဘူးခင်ဗျာ။ KIO လူကြီးတွေနဲ့ တွေ့တာကတော့ ရှိပါ တယ်။ ဒါပေမယ့် မြောက်ပိုင်း မဟာမိတ် ကိုယ်စားလှယ်တွေနဲ့ တွေ့တယ်ဆိုတာကတော့ ကျနော် မကြား မိပါဘူး။ ကျနော်တို့ KIO ဗဟိုကော်မတီတွေနဲ့ တွေ့တာကတော့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ရင်ကျန်းမှာ တွေ့ တာ ရှိပါတယ်။ ကျနော်ကတော့ အဲဒီအကြောင်းပဲ ကြားပါတယ်။ တစ်ခြားကတော့ ကျနော် မကြားမိပါဘူး ခင်ဗျာ” ဟု ပြောသည်။

တရုတ်အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန်နှင့်တွေ့ဆုံသည့် ဆွေးနွေးပွဲသို့ ကချင်လွတ်လပ်ရေး KIO ဖက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့်အတူ ဗဟိုကော်မတီဝင် ၅ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ KIO သည် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ တွင် ရက္ခိုင့်တပ်တော် AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ( MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ပါဝင်သည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်း ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...