နှစ်လအတွင်း သွေးလွန်တုပ်ကွေးကြောင့်သေဆုံးသူ ၁၅ဦးရှိ

နှစ်လအတွင်း သွေးလွန်တုပ်ကွေးကြောင့်သေဆုံးသူ ၁၅ဦးရှိ

ဇွန်လနှင့်ဇူလိုင်လ နှစ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၅ ဦးထိရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အများစုသည် အသက် (၅)နှစ်မှ (၉)နှစ်အရွယ်များဖြစ်ပြီး ခုနှစ်လအတွင်း  ဖြစ်ပွားသူပေါင်း ၃၄၄၆ဦးရှိကာ သေဆုံးသူ ၂၇ ဦးရှိပြီလည်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး စီမံချက်မန်နေဂျာ ဒေါက်တာနေရည်ရည်လင်းက "သွေးလွန်တုပ်ကွေးရောဂါကလည်း ဗိုင်းရပ်စ်အမျိုးအစားကြောင့်ပဲဖြစ်တာ။ ကူးတာကတော့ သူက ခြင်ကျားကိုက်လို့ကူးတာပေါ့နော်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါမှာ သူက အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်။ နောက် COVID-19ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဖျားနာပြီးတော့ဖြစ်တဲ့အခါမှာ COVID-19နဲ့ခွဲခြားဖို့လိုတယ်" ဟု ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ပွားလျက်ရှိကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် သေဆုံးသူ သုံးဦးအထိရှိခဲ့သည်။လူဦးရေအထူထပ်ဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၃၉ ဦးနှင့် သေဆုံးသူ နှစ်ဦး ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွင် ရောဂါအဆင့် လေးဆင့်ရှိပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူထဲမှ ပထမအဆင့်ဖြစ်ပွားသူ ၇၂ရာခိုင်နှုန်း၊ ဒုတိယအဆင့်ဖြစ်ပွားသူ ၁၇ရာခိုင်နှုန်း၊ တတိယအဆင့်ဖြစ်ပွားသူ ၆ရာခိုင်နှုန်းနှင့် စတုတ္ထအဆင့်ဖြစ်ပွားသူ ငါးရာခိုင်နှုန်းရှိသည်။

သွေးလွန်တုပ်ကွေး၏ရောဂါလက္ခဏာများမှာအဆင့်တစ်အနေဖြင့်  ဖျားနာမည်။ ဒုတိယအဆင့်တွင်အန်ခြင်းဗိုလ်အောင့်ခြင်းလက္ခဏာများဖြစ်ပွားကာအဆင့် သုံးတွင် သွေးယိုစိမ့်သည့်လက္ခာဏာများပြနိုင်သည်။အဆင့်လေးမှာတော့  လုံးဝရှော့ခ်ရသွားသော ပုံစံမျိုးဖြစ်လာပါမည်။ထို့ကြောင့် အဆင့်သုံးနှင့်လေးတွင် အသက်အန္တရာယ်ပိုပြီးရှိနိုင်သည်ဟုဒေါက်တာနေရည်ရည်လင်းကဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါသည် နေ့အချိန်တွင် ကိုက်လေ့ရှိသည့် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသော ခြင်ကျား အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့်ရောဂါဖြစ်သည်။ အသက်အရွယ်မရွေး၊ ကလေးလူကြီးမရွေး၊ ကျား/မ မရွေး ဖြစ်နိုင်ပြီး အသက် ၁၅နှစ်နှင့်အထက် လူကြီးများတွင်ဖြစ်ပါက သေဆုံးမှုနှုန်းမြင့်နိုင်ကြောင်း သိရသည်။

"သေဆုံးနှုန်းက အရင်တုန်းက ကလေးတွေပဲဖြစ်တယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာလည်း အသက် ၁၅နှစ်အထက် လူကြီးတွေမှာဖြစ်တာတွေ တွေ့ရပြီးတော့ လူကြီးတွေမှာဖြစ်ရင်လည်း သေဆုံးနှုန်းက ပိုနိုင်တယ်ဆိုတာကို သိရှိပြီးတော့ မိမိအိမ်မှာ ကလေးမရှိဘူးဆိုပြီး ပေါ့ဆလို့မရဘူး"ဟု ဒေါက်တာနေရည်ရည်လင်းက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက သွေးလွန်တုပ်ကွေးရောဂါသည် ရာသီအကူးအပြောင်းတွင် ဖြစ်ပွားတတ်သည့် အခြားတုပ်ကွေးရောဂါလက္ခာဏာများနှင့် ကွာခြားမှုမရှိသည့်အတွက် မိဘများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် တုပ်ကွေးဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ခြေကိုပါ ထည့်သွင်းစဉ်းစားကာ မပေါ့ဆသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောစာရင်းများအရ ၂၀၁၇ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၁၂၈၈ဦး၊ ၂၀၁၈ခုနှစ်တွင် ၂၃၂၇၃ဦး၊ ၂၀၁၉ခုနှစ်တွင် ၂၄၃၄၅ဦးအထိရှိခဲ့ပြီး ထိုသုံးနှစ်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၅၀ဦးခန့်ရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...