အစိုးရနှင့် KIO အွန်လိုင်းမှတဆင့် ဆွေးနွေးလျက်ရှိ

အစိုးရနှင့် KIO အွန်လိုင်းမှတဆင့် ဆွေးနွေးလျက်ရှိ

COVID-19 ကာလအတွင်း ကချင်လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရအကြား အွန်လိုင်း ဆက်သွယ်ဆွေးနွေးမှုများ လုပ်ဆောင်နေသည်ဟု KIO က ပြောသည်။

လက်ရှိတွင် COVID- 19 ရောဂါကြောင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တရားဝင် လုပ်ဆောင်နိုင်ခြင်းမရှိ သေးသော်လည်း နှစ်ဖက် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် အွန်လိုင်းကနေတစ်ဆင့် အစိုးရနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်နေသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး နော်ဘူ က ပြောသည်။

“ကျနော်တို့ နိုင်ငံရေး ဆွေးနွေးတဲ့ လမ်းကြောင်းကတော့ အခုအချိန်ကတော့ COVID- 19 ရောဂါကြောင့် ခဏ တစ်ဖြုတ်ပေါ့ နော ရပ်ဆိုင်းနေတဲ့ အနေအထားပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ KIO အနေနဲ့ လည်း အွန်လိုင်းနဲ့တော့ အဆက်အသွယ်တော့ ရှိပါတယ်။ အွန်လိုင်းနဲ့တော့ ဆွေးနွေးတဲ့ အနေအထား  တော့ ရှိပါတယ်။”

ကချင်လွတ်လပ်ရေး KIO အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံ  ဆွေးနွေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင် ဂွမ်ဂျာ ကလည်း အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ ဆွေးနွေးနေမှု နောက်ဆုံး အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

ဦးလမိုင်ဂွမ်ဂျာ က “မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရ တပ်မတော်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်က ကျနော်တို့ ကြား မှာ ညှိနှိုင်း ဆောင်ရွက်ပေးနေတာတော့ရှိတယ်။ ဒါပေမယ့် လောလောဆယ် လူချင်းတွေ့ဖို့အတွက် က အခု ချိန်မှာ ဒီ COVID- 19 ရောဂါကြောင့်မို့ တွေ့ဆုံနိုင်ဖို့အတွက် နည်းနည်း အခက်အခဲလေးတွေရှိတဲ့ အတွက်ကြောင့်မို့လို့ အခုအချိန်မှာ စာအသွားအလာ သဘောနဲ့ပဲ နှစ်ဖက်ကို ပေးပို့ပြီးတော့မှ လုပ်ဆောင် နေ တာ ရှိပါတယ် ခင်ဗျာ” ဟု ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့်  မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့မှာကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရက္ခိုင့်တပ်တော် AA၊ မြန်မာအမျိုးသားများ ဒီမိုက ရက်တစ် မဟာမိတ် တပ်မတော် ( MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်  မြောက်ရေး တပ်မတော် TNLA တို့ ဖြစ်ကြသည်။

လက်ရှိတွင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရတို့ ပဏာမ အပစ်ရပ် Bilateral လက်မှတ် ရေးထိုးနိုင်ရန် တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ်တိုင်တိုင် ပြုလုပ်ထားခဲ့ကြသည်။ မိုင်းလား နှစ် ၃၀ ပြည့်နေ့တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က မူဆယ်တွင် ဒုတိယအကြိမ်၊ ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ တွင်  ကျိုင်းတုံတွင် တတိအကြိမ်နှင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျိုင်းတုံတွင် စတုတ္ထအကြိမ် တို့ဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုများနောက်ပိုင်း နှစ်ဖက် ဆက်လက်တွေ့ဆုံဆွေးနွေးရန် အချိန်နှင့် နေရာညှိနှိုင်းရာတွင် ပြေလည်မှု မရှိခဲ့သည်ကတစ်ကြောင်း၊ COVID- 19 ဖြစ်လာသည့်အတွက် သွားရေးလာရေး အခက်အခဲတို့ကြောင့် တွေ့ဆုံဆွေးနွေးမှုများမှာ ရပ်တန့်ခဲ့ရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် ကျိုင်းတုံ တွေ့ဆုံဆွေးနွေးပွဲတွင် အချက် ၇ ချက်ကို သဘော တူညီခဲ့ကြပြီး အဆိုပါ အချက် ၇ ချက်မှာ Bilateral လက်မှတ်ရေးထိုးရေးနှင့် လက်ရှိ ဖြစ်ပွား နေသည့် တိုက်ပွဲများ လုံးဝချုပ်ငြိမ်းသွားရေး ဆက်လက်ဆွေးနွေးရန်၊  တပ်နေရာချထားရေး တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရေး နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းများကို တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန်၊  တိုက်ပွဲမဖြစ်ပွားအောင် ဆက်သွယ်နိုင်ရေးအတွက် ဆက်ဆံရေးရုံးများ ထားရှိရန်၊ NCA လက်မှတ်ရေး  ထိုး နိုင်ရေး နှစ်ဖက်လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန် လည်နေရာချထားရေး ပြန်လည်ထူထောင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန်တို့ ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေး ထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိကအခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေးထိုးပြီးပါက ပဋိပက္ခဖြေ ရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ဖွဲ့စည်းရေးတို့ဖြစ်သည်ဟု  မြောက်ပိုင်း  မဟာမိတ် အဖွဲ့က ယခင်က ပြောဆိုထားသည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့်  ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...