KIO အပါအဝင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များကို ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန် အစိုးရဖက်မှ တစ်စုံတစ်ရာ ဖိတ်ကြားလာခြင်း မရှိသေးဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ PCG က ပြော သည်။
ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက “အခုအချိန်အထိတော့ ဘာမှလည်း အစိုးရကနေပြီးတော့မှ ဖိတ်ခေါ်တာတို့ ပြောတာဆိုတာတို့ ဘာမှ တစ်စုံတစ်ခု ဘာမှ မရှိသေးဘူးခင်ဗျား” ဟုပြောသည်။
ကချင်လွတ်လပ်ရေး အဖွဲ့ KIO မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကလည်း “အဲဒီ ပင်လုံညီလာခံနဲ့ ပတ်သက်လို့တော့ အခုအချိန်အထိကတော့ ကျနော်တို့ KIO ဆီမှာ ဖိတ်ကြားတဲ့ စာကတော့ မရသေးဘူးခင်ဗျာ။ အဲဒါတစ်ချက်နော်။ ဒုတိယအချက်ကတော့ ဖိတ်ကြားတဲ့ စာတွေရ ရှိလို့ ရှိရင် ကျနော်တို့ ဗဟိုကော်မတီကတော့ လေးလေးနက်နက် ပြန်ပြီးမှ ဆွေးနွေးပြီးမှပဲ ကျနော်တို့က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်ကတော့ မရသေးလို့ ဘာမှပြောလို့ မရသေးဘူးခင်ဗျာ” ဟု ပြော သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့က ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ULA/AA၊ PSLF/TNLA၊ MNTJP/ MNDAA တို့က ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်မည်ဟု သဘာထား ထုတ်ပြန်ထားသည်။
၎င်းတို့အနေဖြင့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီ FPNCC ၏ ဦးဆောင်မှု လမ်းညွှန်မှု နှင့်အတူ လုံခြုံရေး အာမခံချက် ရှိမည်ဆိုပါက ၂၁ ရာစု ပင်လုံညီလာခံ ကို တက်ရောက်မည်ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ ဇူလိုင်လ ၂၅ ရက်နေ့ကပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “ထုတ်ပြန်ကြေညာချက် ကျနော်တို့တွေ့ တယ်။ တက်ခြင်း မတက်ခြင်း၊ တွေ့ ခြင်း မတွေ့ ခြင်း၊ ခွင့်ပြုခြင်း မပြုခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဦးဆောင်လုပ်နေတဲ့ NRPC ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်လိမ့်မယ်။ ကျိုင်းတုံလိုနေရာမှာ တွေ့ခဲ့တာ ကျနော်တို့ တပ်မတော်ကလည်း လုံခြုံရေးအရတော့ ပြည်တွင်းထဲမှာတော့ လုံခြုံရေးက အာမခံပြီးသားဖြစ်တယ်။ လုံခြုံရေး အရကတော့ အခုနက ပြောတဲ့ဟာနဲ့မဆိုင်ပါဘူး။ ခွင့်ပြု ခြင်း မပြုခြင်း တက်ခြင်းမတက်ခြင်း ဒါတွေကတော့ ဦးဆောင်ပြီးလုပ်နေတဲ့ အဖွဲ့က ဆုံးဖြတ်ပါလိမ့်မယ်။ လုံခြုံရေးအရကတော့ ကျနော်တို့ ကတော့ ပြည်တွင်းထဲမှာလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ EAOs တွေ အခုရန်ကုန်မှာလည်း တွေ့နေတာ ပဲ။ ဒါနဲ့ပတ်သက်ပြီး လုံခြုံရေးအရကတော့ အာမခံချက်ရှိပြီး ဖြစ်တယ်လို့ ပဲ ပြောချင်ပါတယ်” ဟု ပြော သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့်လည်း အစိုးရဖက်မှ ဖိတ်ကြားလာမည်ဆိုပါက FPNCC ၏ လမ်းညွှန်မှုအောက်တွင် တက်ရောက်သွားမည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
“ကျနော်တို့က တက်ရင်တော့ FPNCC ပေါ့နော ကျနော်တို့ မြောက်ပိုင်း မဟာမိတ်တွေ အားလုံး အဲဒီလမ်း ကြောင်းနဲ့ပဲ ကျနော်တို့က တက်မှာ ဖြစ်ပါတယ်။ FPNCC ရဲ့ သဘောထားကိုပဲ ကျနော်တို့က တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပဲ ကျနော်တို့က သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အခုထက်ထိ ကတော့ အဲလောက်ပဲ ကျနော်တို့ ပြောလို့ရပါတယ်။”
အစိုးရဖက်မှ FPNCC အနေဖြင့် မဟုတ်ပဲ တစ်ဖွဲ့ချင်းစီအလိုက် ဖိတ်ကြားမည်ဆိုပါကလည်း FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများကြားတွင် တိုင်ပင်ဆွေးနွေး ညှိနှိုင်းသွားမည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
၂၁ ရာစုပင်လုံညီလာခံကို လာမည့် သြဂုတ်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ် သွားရန်ရှိပြီး ယခုကျင်းပမည့် ညီလာခံကို COVI D- 19 ရောဂါ ကန့်သတ်ချက်ကြောင့် လူဦးရေလျော့ကာ ကျင်းပသွားရန် ရှိသည်ဟု သိရသည်။
တစ်ဖက်တွင်လည်း အစိုးရ၊ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပါဝင်သည့် မြောက်ပိုင်း မဟာ မိတ် အဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးပွဲများမှာ COIVD- 19 ရောဂါကြောင့် ရပ်တန့်နေသည်။
ဆွေးနွေးပွဲများ ရပ်တန့်နေသည့်အတွက် တပ်မတော်က အပစ်ရပ်စဲထားခြင်း မရှိပဲ အကြမ်းဖက်ဒေသ ဟုသတ်မှတ် ထားသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရ သည်။
PCG မှ ဦးလမိုင်ဂွမ်ဂျာက “လက်ရှိရခိုင်ကလည်း ဒီမြောက်ပိုင်း ၄ ဖွဲ့မှာ ပါတာအတွက်ကြောင့်မို့လို့လေ သူ တို့နဲ့ တွေ့ဆုံညှိနှိုင်းပြီးမှ အကောင်းဆုံး အဖြေရနိုင်ဖို့အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ရခိုင်ဒေသလို နေရာ လည်းပဲ အပစ်ခတ်ရပ်စဲတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ထားနိုင်မယ်ဆိုရင်ကတော့ ရှေ့ဆက်ကျနော်တို့ ဒီမြောက် ပိုင်းအဖွဲ့နဲ့တွေ့ဆုံ ညှိနှိုင်းတဲ့အပေါ်မှာ ပိုပြီးတော့ ထိရောက်ပြီးတော့ အောင်မြင်မယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်တယ်ပေါ့လေ။ အဲဒီမဟုတ်ပဲ ဆိုပေမယ့်လည်း တစ်ဖက်မှာကျတော့ တိုက်ပွဲက တောက်လျှောက် အဲလို ဖြစ်နေတဲ့အခါကျတော့ ဒီဆွေးနွေးပွဲ အပေါ်မှာလည်းပဲ သိပ်ပြီးမှ အောင်မြင်နိုင်မယ့် အလားအလာကတော့ သိပ်ပြီးမှ မမြင်ဘူးပေါ့လေဗျာ” ဟု ပြောသည်။
ထိုအနေအထားများကြောင့် ရပ်တန့်နေသည့် နေသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို အမြန်ဆုံး ပြန်လည် စတင်လိုသည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇူလိုင်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထား သည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်မတော် ULA/AA၊ တအန်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် PSLF/TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် MNTJP/MNDAA တို့နှင့် ကချင်လွတ်လပ်ရေး KIA တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များဖြစ်သည်။
ထို့အပြင် ၎င်းအဖွဲ့များသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။
FPNCC အဖွဲ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။







