ဖာပွန်ခရိုင်တွင် ယခုနှစ်အတွင်း တပ်မတော် ပစ်ခတ်မှုကြောင့် အရပ်သား ၂ သေ၊ ၅ ဦး ဒဏ်ရာရ

ဖာပွန်ခရိုင်တွင် ယခုနှစ်အတွင်း တပ်မတော် ပစ်ခတ်မှုကြောင့် အရပ်သား ၂ သေ၊ ၅ ဦး ဒဏ်ရာရ

ယခုနှစ်အတွင်း မူတြော်(ဖာပွန်) ခရိုင်အတွင်း တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဒေသခံ၂ ဦး သေဆုံးပြီး ၅ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “၂၀၂၀ တစ်လပိုင်းကနေပြီးတော့ ၇ လပိုင်းအထိ အတောအတွင်း ကျနော်တို့ မူတြော်ခရိုင်အတွင်းထဲမှာ ပြည်သူလူထုကို ပစ်သတ်ခဲ့တာကတော့ ၂ ယောက် နောက်ဒဏ်ရာရ ခဲ့သူ ၅ ယောက်ရှိတယ်” ဟု ပြောသည်။

မူတြော်(ဖာပွန်)ခရိုင် အခြေစိုက် စကခ ၈ လက်အောက်ခံ တပ်များ၏ ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာ ရသေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဇန္နဝါရီလဆန်းပိုင်းတွင် ဝါသိုးခိုရွာသား ၂ ဦး ပြင်းထန် စွာ ထိခိုက်ဒဏ်ရာရရှိခြင်း၊ မတ်လ ၅ ရက်နေ့တွင် မယ်ဝေစခန်းကနေ ပစ်ခတ်မှုကြောင့် ဒေသခံ သစ်တော တာဝန်ရှိသူတစ်ဦး သေဆုံးခြင်း၊ မေလ ၉ ရက်နေ့တွင် ကူးဆိပ်ရွာသားတစ်ဦး ပစ်ခတ်ခံရသည့်အတွက် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဇွန်လ ၂ ရက်နေ့က ဝါသိုးထာကျေးရွာသား ၂ ဦး ပစ်ခတ်ခံရခြင်းနှင့် ဇူလိုင်လ ၁၆ ရက်နေ့က  ပိုလိုးထာရွာသူ နော်မူနော် ပစ်သတ်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဉ်များကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်မှုများနှင့် နေနေရသည့်အတွက် တပ်မတော် တပ်စခန်းများအနေဖြင့် အဆိုပါဒေသအတွင်းမှ ရုတ်သိမ်းထွက်ခွာပေးရန် ဒေသခံများက တောင်းဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က ဒေသခံများက ဒွယ်လိုးမြို့နယ်အတွင်းရှိ တပ်မတော် တပ်စခန်းများရှေ့တွင် ဆန္ဒထုတ်ဖော်ကာ တောင်းဆိုခဲ့ကြသကဲ့သို့ ဇူလိုင်လ ၂၈ ရက်နေ့တွင်လည်း ဒွယ်လိုး မြို့နယ်နှင့် ဘူးသောမြို့နယ်မှ ဒေသခံများက တောင်သုံးလုံးမှ ကမမောင်းအထိ လမ်းလျှောက် ဆန္ဒထုတ်  ဖော်ကာ ထပ်မံ တောင်းဆိုခဲ့ကြသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “နော်မူနော်အတွက်ကတော့  အခုလို သေရတဲ့အပေါ်မှာ အခုဖြစ် ရပ် တွေက နောက်ပိုင်းမှာ မရှိသင့်တော့ဘူး ဘာဖြစ်လို့လဲဆိုတော့ ဒေသခံပြည်သူတွေက သူဟာသူ လုပ်စား နေကြတာ အခုလို တပ်မတော်ကနေ ပစ်သတ်တာတွေ ကြောက်လန့်အောင် လုပ်တာတွေ အဲဒီအချက် အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ပြည်သူ လူထုကနေပြီးတော့ မြန်မာတပ်မတော် သူတို့ ဒေသရှိ တပ်စခန်းတွေကို ရုတ်သိမ်းပေးဖို့ ဆန္ဒထုတ် ဖော်ခဲ့တယ်။ဆန္ဒပြခဲ့တယ်” ဟု ပြောသည်။

လက်ရှိတွင် ဇူလိုင်လ ၁၆ ရက်နေ့က နော်မူနော်အား ပစ်သတ်ခဲ့သည့် တပ်မတော်သား ၂ ဦး ကို  တပ်မတော်က ဖမ်းဆီးရမိထားပြီး ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

အခြားတစ်ဖက်တွင် ကရင်အရပ်ဖက် အဖွဲ့အစည်း အသီးသီးက နော်မူနော် အမှုတွင် ကျူးလွန်သူများကို  တရားမျှတစွာ အပြစ်ပေးအရေးယူရန် နှင့် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များက လည်း ဖြစ်စဉ်အား ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ရန် ထုတ်ပြန်ချက်ဖြင့် ထုတ်ပြန်တောင်းဆိုထားသည်။

ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားရခြင်းသည် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA တွင် ပါရှိသည့် ကတိကဝတ်များကို မလိုက်နာခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု မူတြော် (ဖာပွန်) ခရိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မြန်မာအစိုးရတပ်မတော်ရဲ့ အခုလို ဒေသခံပြည်သူအပေါ် ထိခိုက်သေကြေစေတဲ့အပေါ်မှာ ကျနော်တို့ NCA အရ ပြန်ကြည့်မယ်ဆိုရင် သူတို့ဖက်ကအမှားလုပ်တယ်။ ပြီးတော့ များသောအားဖြင့်က NCA အပေါ် လိုက်နာရမယ်လို့ သဘောတူထားပေမယ့် လူထုတွေအပေါ် ထိခိုက်နစ်နာအောင် လုပ်စေတဲ့အပေါ်မှာ နှစ်ဖက် ငြိမ်း ချမ်းရေးကို တည်ဆောက်တဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းမှာပဲ ဖြစ်ဖြစ် အားနည်းမှုကို ဖြစ်စေတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ ဖြစ်မယ်ဆိုရင် ယုံကြည်မှုပဲဖြစ်ဖြစ် ရှေ့ဆက် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေမှာ အဟန့်အတားတွေဖြစ်စေတယ်။”

ဇူလိုင် ၂၈ ရက်နေ့တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲသို့ ဒွယ်လိုးနှင့် ဘူးသော မြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စု ၁၀ စုမှ ကျေးရွာပေါင်း ၁၁၄ ရွာမှ ဒေသခံ ၄၆၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တပ်မတော်နှင့် ပဋိပက္ခများဖြစ်ပွားနေသည့် KNU တပ်မဟာ ၅ နယ်မြေ မူတြော်(ဖာပွန်) ခရိုင်သည် အခြား KNU တပ်မ ဟာများထက် တပ်မတော် ၏ လမ်းဖောက်လုပ်မှုများကြောင့် နှစ်ဖက်ပစ်ခတ်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှု အရှိဆုံးတပ်မဟာ ဖြစ်သည်။

 

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...