ပြည်နယ်အတွင်း မြို့နယ် ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရေစီပါတီသစ် (ကချင်)

ပြည်နယ်အတွင်း မြို့နယ် ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရေစီပါတီသစ် (ကချင်)

လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရေစီပါတီသစ် (ကချင်) အနေဖြင့်လည်း ကချင်ပြည်နယ်အတွင်း မြို့နယ် ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည့်အကြောင်း NDP ပါတီ၏ ဒုဥက္ကဌ ဦးဆန်းခေါင်ကို ကချင်သတင်းဌာန KNG က မေးမြန်းထားသည်။

KNG – လာမယ့် ၂၀၂၀ရွေးကောက်ပွဲဝင်ဖို့ ကြိုတင်ပြင်ထားတဲ့အပိုင်းလေး သိပါရစေ။

NDP – ပါတီသက်တမ်းကတော့ တစ်နှစ်ပြည့်ဖို့ တစ်လလိုပါသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲဝင်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်တယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုအပိုင်းတော့ အားလုံးပြီးထားပါပြီ။

KNG – အဲဆို ကချင်ပြည်နယ်မှာ NDP ပါတီက မြို့နယ် ဘယ်နှစ်မြို့နယ်မှာ ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားလဲရှင့်။

NDP – ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၃ခုကိုအခြေခံပြီးတော့မှ စတင်လှုပ်ရှားတဲ့ပါတီဖြစ်တဲ့အတွက် မြို့နယ် ၃ ခု ကိုယ်စားလှယ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖို့က အားလုံး ၁၁နေရာထဲမှာ ၈နေရာပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်။ အဓိကတော့ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဝိုင်းမော်မြို့နယ် အဲမြို့နယ် ၃ခုကနေ ယှဉ်ပြိုင်ဖို့ လျာထားပြီဖြစ်တယ်။

KNG – ပါတီရဲ့မူဝါဒပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုချမှတ်ထားလဲ။

NDP – ကျနောတို့ပါတီက မူဝါဒကောင်းကောင်းချမှတ်ထားတဲ့ ပါတီဖြစ်တယ်။ မူဝါဒ ၄ချက်ရှိတယ် ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးမရှိရင်ဘာမှလုပ်လို့မရဘူး။ နောက်တစ်ချက် တန်းတူညီမျှရေး တိုင်းရင်းသားတွေကြားမှာကော တိုင်းပြည်အတွင်းမှာပါ တန်းတူညီမျှရေးရှိရမယ်။ နောက်တစ်ချက်က စည်းလုံးညီညွှတ်မူရှိရမယ်။ ပါတီတွင်းမှာဖြစ်ဖြစ် လူမျိုးတွင်းမှာ နိုင်ငံတွင်းမှာ စည်းလုံးညီညွှတ်မှုက သိပ်အရေးကြီးတယ်။ နောက်ဆုံးတစ်ခုက ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်မယ့် ပါတီဖြစ်ပါတယ်။

KNG – ပါတီတွေများလာတဲ့အပေါ်တစ်ချို့ပြည်သူတွေ ဝေဖန်နေတာက ပါတီများလာတာမကောင်းဘူး။ အဓိကတော့ တိုင်းရင်းသားပါတီတွေ ပြည်နယ်အခြေစိုက်ပါတီတွေများလာတဲ့အတွက် မဲကွဲတယ် ဆိုပြီးပြောတဲ့ဟာတွေလည်း ရှိနေတယ်။ ဘာ့ကြောင့် NDP ပါတီထူထောင်ဖြစ်ခဲ့တာပါလဲ။

NDP – ကျနော်တို့နိုင်ငံက ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတာဖြစ်တယ်။ အဲကြောင့် ပြည်မမှာဖြစ်ဖြစ် ပြည်နယ်မှာဖြစ်ဖြစ် ဒီမိုကရေစီအခွင့်အရေး တစ်နည်းပြောမယ်ဆိုရင် နိုင်ငံသားအခွင့်အရေး ရှိတဲ့သူတွေဘဲဖြစ်တယ်။ ပါတီထောင်တာမကောင်းဘူးဆိုပြီးဝေဖန်တာတွေက တစ်ကယ်တမ်းပါတီစုံစနစ်ကို နားမလည်လို့ဖြစ်ပါတယ်။ ကျနော်တို့ပါတီက ဘာကြောင့်ထူထောင်ရလဲဆိုရင် ကျနော်တို့ရဲ့ဒေသက လမ်းပန်းဆက်သွယ်ရေးခက်ခဲဆုံးဖြစ်တယ်။ အစိုးရက လက်လှမ်းမမီတဲ့ အပိုင်းတွေများကြီးရှိတယ်။ အဲကြောင့် ကျနော်တို့က ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်မှာလည်း ကျနော်တို့အသံလိုတယ်။ အဲကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နိုင်ဖို့ ပါတီထူထောင်ရခြင်းဖြစ်တယ်။

KNG – ကချင်ပြည်နယ်က ပြည်သူတွေအနေနဲ့ NDP ပါတီကိုဘာ့ကြောင့် မဲပေးသင့်သလဲ။

NDP – ကျနော်တို့ပါတီက ကချင်ပြည်နယ်က ပါတီတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဒေသရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ ပါတီကြီးတွေလက်ရှိအာဏာရပါတီတွေအနေနဲ့တစ်နိုင်ငံလုံးလွှမ်းခြုံထားတယ်ဆိုပေမယ့် ကျနော်တို့ဒေသရဲ့လိုအပ်ချက်တွေ အသေးစိတ်ကိုလုပ်မပေးနိုင်ဘူး။ ကျနော်တို့သာလျှင်လုပ်ပေးနိုင်မယ်။ ဥပမာ ကျနော်တို့ဒေသ ဆော့လော်ဘက်မှာဆို လမ်းပန်းဆက်သွယ်ရေးက အင်မတန်ခက်တယ်။ ဆရာဝန်တွေတောင် မလာချင်တဲနေရာတွေဖြစ်တယ်။

KNG – NDP ပါတီက မဟာမိတ်ဖွဲ့ထားတာ ရှိပြီလား။

NDP – ကျနော်တို့ ပါတီရဲ့ခံယူချက်က ပြည်နယ်မှာဘဲဖြစ်ဖြစ် ဘယ်မှာဘဲဖြစ်ဖြစ် အစိုးရဖွဲ့နိုင်တဲ့ပါတီနဲ့ လက်တွဲလုပ်ဆောင်သွားရင် အလိုလိုမဟာမိတ်ဖြစ်လာမှာဘဲ။ ကြိုပြီးသွားပြောရင် မနိုင်တဲ့ပါတီတစ်ခုနဲ့ မဟာမိတ်ဆိုပြီးတော့မှ လုပ်ထားရင် ဟိုမှာလည်း မရောက်မအောင်မြင်ရင် အဓိပ္ပါယ်မရှိဘူး။ အဲကြောင့် ခုချိန်ထိတော့ မရှိသေးပါဘူး။ ကျနော်တို့ပါတီက ရွေးကောက်ပွဲပြီးမှ နိုင်တဲ့ပါတီနဲ့ဘဲ မဟာမိတ်ဖွဲ့မှာဖြစ်တယ်။

KNG – လက်ရှိလာမယ့် ၂၀၂၀ ရွေးကောက်ပွဲက ကန့်သတ်ချက်တွေကြားမှာကျင်းပရမှာဖြစ်တဲ့အတွက် အရင်ရွေးကောက်ပွဲထက် စိန်ခေါ်မှုများစွာရှိနေတယ်လို့ ပြောနေကြတာလဲရှိနေတယ်။ ဒီရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင် လုပ်ဆောင်ရတဲ့အပိုင်းတွေမှာ ဘယ်လိုခက်ခဲတွေရှိနေလဲ အဓိကစိန်ခေါ်မှုက ဘာတွေဖြစ်မလဲ။

NDP – ကျနော်တို့ပါတီအနေနဲ့ Covid-19ရောဂါကလည်း ရှိလာတော့ လွတ်လွတ်လပ်လပ် သွားလာပြီးဟောပြောဖို့အတွက် ခက်ခဲတွေရှိနေတယ်။ နောက်ပြီးတော့ ကျနော်တု့ိပါတီပါဝင်ယှဉ်ပြိုင်မယ့် အဓိကနေရာတွေကတော့ လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်တဲ့နေရာတွေဖြစ်တယ်။ မိုးတွင်းဆိုမြေပြိုတယ်။ လမ်းပိတ်တယ်။ ဆိုင်ကယ်တောင်မသွားနိုင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာဒေသအတွက် အမှန်တစ်ကယ် အလုပ်လုပ်ပေးနိုင်တဲ့လူ လိုတဲ့တွက် ခက်ခဲလည်းကြိုးစားနေပါတယ်။

KNG – လာမယ့် ရွေးကောက်ပွဲမှာကော ပြည်သူတွေက အရင်ရွေးကောက်ပွဲတွေလို မဲလာပေးမယ်လို့ကော ယုံကြည်ထားလားရှင့်။

NDP – ရွေးကောက်ပွဲ ၂ကြိမ်ဖြတ်သန်းခဲ့ပြီဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လွန်ခဲ့တဲ့ချိန်မှာ သူတို့မဲပေးလိုက်တဲ့ပါတီတွေအနေနဲ့ ကတိကဝတ်တွေမစွမ်းဆောင်နိုင်တဲ့ဟာမျိုးလည်းရှိခဲတော့ ဒီနှစ်မှာတော့ ပြည်သူတွေအနေနဲ့ ပိုပြီးတော့ ရွေးချယ်တတ်နေပြီဖြစ်တဲ့အတွက် သေချာပေါက် မဲလာပေးကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

KNG – လာမယ့် ၂၀၂၀ရွေးကောက်ပွဲက နိုင်ငံရေးလေ့လာသူတွေ ပညာရှင်တွေ သုံးသပ်နေသလိုဘဲ ညွှန့်ပေါင်းအစိုးရ ဖြစ်လာနိုင်လားရှင့်။

NDP – ကျနော်တို့ကတော့ အဲလိုဘဲသုံးသပ်မိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ကလို သောင်ပြိုကမ်းပြို ရတဲ့ပါတီတွေအနေနဲ့ ၂၀၂၀ ကျရင်တော့ ဒီလောက်မလွယ်ဘူးလို့ ထင်တယ်။ အဲကြောင့် လာမယ့်ရွေးကောက်ပွဲလွန်ရင်တော့ တစ်ပါတီနဲ့အစိုးရဖွဲ့ဖို့ဆိုတာတော့ မဖြစ်နိုင်လောက်ဘူး။ တိုင်းရင်းသားပါတီတွေ နိုင်ငံရေးပါတီအားလုံးပေါင်းပြီး ညွှန့်ပေါင်းအစိုးရဖြစ်လာဖို့ လမ်းစဖြစ်လာနိုင်ပါတယ်။

KNG – ညွှန့်ပေါင်းအစိုးရဖြစ်လာခဲ့ရင် ပြည်သူတွေအမှန်တစ်ကယ်လိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရနိုင်ပြီလားရှင့်။

NDP – ဖက်ဒရယ်ပြည်ထောင်စုဆိုတာတော့ ချက်ချင်းကြီးတော့မဖြစ်နိုင်ဘူး ခုရေတွင်းတူး ခုရေကြည်သောက်လို့မရပါဘူး။ ၂၀၀၈ဖွဲ့စည်းပုံအတွင်းကနေ ဖြည်းဖြည်းချင်းလုပ်ယူသွားရမယ်လို့ သုံးသပ်မိတယ်။

KNG – အဲဆို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့ကို ပြည်သူအားလုံးကလည်း လိုလားနေပြီးသားဖြစ်တယ်။ လက်ရှိအာဏာရပါတီအနေနဲ့လည်း အရင်ရွေးကောက်ပွဲမနိုင်ခင် ၂၀၀၈ ကိုပြင်ပေးဖို့ကတိကဝတ်ပေးခဲ့တာရှိတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိပြင်ဆင်နိုင်တာ မတွေ့ဘူး။

NDP – ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်မယ်ဆိုရင် တပ်မတော်ရဲ့အခန်းကဏ္ဍမပါ မဖြစ်ပါရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် လုံခြုံရေးကဏ္ဍဖြစ်တဲ့အတွက် သူ့ရဲ့ထောက်ခံချက်တွေပါရင် ပိုပြီးတော့ ကောင်းမယ် ပိုပြီးမြန်ဆန်မယ်။ သူ့ကိုထိပ်တိုက်ရင်ဆိုင်တဲ့ ပုံစံနဲ့ သူကမပါဘဲနဲ့ ကျနော်တို့ချည်းဘဲ လုပ်မယ်ဆိုရင် တိုင်းပြည်တစ်ပြည်ရဲ့လုံခြုံရေးအခြေအနေ နောက်ကြောင်းသမိုင်း မတူတဲ့အတွက် သူများနိုင်ငံမှာဒီလိုလုပ်တယ်၊ ကျနော်တို့မှာလည်း ဒီလိုလုပ်သင့်တယ်လို့ ယူဆနေတာတွေက မမှန်ဘူးလို့ ယူဆတယ်။ ကျနော်တို့က ဒီမိုကရေစီဘက်တော်သားတွေဖြစ်လို့ လုပ်မယ်ဆိုတာမျိုးတော့ဖြစ်မှာ မဟုတ်ဘူး။ အဲကြောင့် အားလုံးဝိုင်းပြီးလုပ်ဖို့ လိုအပ်တယ်။

KNG – စစ်ရှောင်တွေအနေနဲ့ လွယ်လွယ်ကူကူ မဲပေးနိုင်ဖို့တွက် NDP ပါတီအနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ရှိလဲ။

NDP – မဲတစ်ပြားက ကျနော်တို့တွက် အင်မတန်အရေးကြီးတာဖြစ်တဲ့အတွက် စစ်ရှောင်တွေရဲ့မဲတွေလည်း မဆုံးရှုံးရအောင် ကျနော်တို့ပါတီတစ်ခုထဲမဟုတ်ဘူး တစ်ခြားပါတီတွေနဲ့ ညှိနိူင်းလုပ်ဆောင်သွားဖို့ရှိပါတယ်။

KNG – လက်ရှိချိန်ထိ ပါတီရဲ့လူအင်အားက ဘယ်လောက်ရှိနေပြီလဲ။ ဒီပါတီမှာ အမျိုးသမီးနဲ့ လူငယ်ပါဝင်မှုရာခိုင်နှုန်းကဘယ်လောက်ထိရှိလဲ။

NDP – ပါတီရဲ့ဖွဲ့စည်းပုံတွေထဲမှာကိုက အမျိုးသမီး ၃၅ ရာခိုင်နူန်း ပါဝင်ရမယ်ဆိုပြီး ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အမျိုးသမီးတွေအတော်လေးပါဝင်ပါတယ်။ လာမယ့် ရွေးကောက်ပွဲရဲ့ ကိုယ်စားလှယ်လောင်းနေရာယှဉ်ပြိုင်ဖို့ ရွေးချယ်တဲ့နေရာမှာ အမျိုးသမီးမပါဝင်ပေမယ့် မြို့နယ်၊ ပြည်နယ်အဆင့်မှာတော့ပါဝင်တယ်။ လူငယ်တွေက အနာဂါတ်ရဲ့ကြယ်ပွင့်တွေဖြစ်တဲ့အတွက် လူငယ်တွေလည်း ပါဝင်နိုင်အောင်လုပ်ဆောင်နေပါတယ်။ ပါတီအင်အားကတော့ ၅ထောင်ကျော်ရှိပါတယ်။

KNG – လာမယ့်ရွေးကောက်ပွဲမှာ NDP ပါတီရဲ့ ပါတီအောင်နိုင်ရေး ဘယ်လောက်ထိမျှော်မှန်းထားလဲ။

NDP – ကျနော်တု့ိပါတီက ကျနော်တို့ဒေသရဲ့လိုအပ်ချက်အတွက် ထူထောင်ထားတာဖြစ်တဲ့အတွက် ပါတီအောင်နိုင်ရေးကတော့ ၇၀ရာခိုင်နူန်းအောင်နိုင်မယ်လို့ ယုံကြည်ထားတယ်။

Most read this week

May 17, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်...
May 16, 2024
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 15, 2024
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...