ဖက်ဒရယ်ဝင်္ကဘာဖြင့် လွှတ်တော်ကိုလက်ဝါးကြီးအုပ်ထားခြင်း

ဖက်ဒရယ်ဝင်္ကဘာဖြင့် လွှတ်တော်ကိုလက်ဝါးကြီးအုပ်ထားခြင်း

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ၁၉၄၇ ခုနှစ်ကတည်းက ပင်လုံစာချုပ်သဘောတူညီချက်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ခဲ့သည်ဟု ဆိုကြသည်။

ထိုမှနောင်အနှစ် ၆၀ ကျော်ကြာသောအခါ တတိယအကြိမ်မြောက် အခြေခံဥပဒေအသစ်တစ်ရပ် တနည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ထပ်မံရေးဆွဲအတည်ပြုပြီးမှသာ မြန်မာအစိုးရက “ဖက်ဒရယ်” ဆိုသည့်စကားလုံးကို ကျယ်ကျယ်လောင်လောင် တရားဝင်စတင်သုံးနှုန်းပြောဆိုလာကြသည်။

အမျိုးသားတန်းတူရေးနှင့် မိမိကြမ္မာဖန်တီးခွင့်ရှိသည့် ဖက်ဒရယ်စနစ်ကို ဝင်္ကဘာတစ်ခုလို ကွေ့ပတ်လျှောက်လှမ်းခဲ့သလို လူသားအရင်းမြစ်ဖြင့် ပိုမိုချဲ့ထွင်လာခဲ့ပြီး နယ်မြေအရပါ လွှတ်တော်ကို လက်ဝါးကြီးအုပ်ထားနိုင်လောက်သော အနေအထားရောက်အောင် စီမံအကွက်ချပြီးကာမှ “ဖက်ဒရယ်” စကားလုံးကို တွင်တွင်ကျယ်ကျယ် ပြောဆိုလာသည်ဟု ယူဆစရာရှိသည်။

စကားလုံးအလှအပများ သက်သက်မဟုတ်ဘဲ အစွဲကင်းစွာဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး တည်ဆောက်ဖို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က (၇၃) နှစ်မြောက် ပြည့်ထောင်စုနေ့သဘာပတိမိန့်ခွန်းပြောရာမှာ သတိပေးတိုက်တွန်းနှိုးဆော်ခဲ့ရသည်။

“တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို တည်ဆောက်ရာမှာ အပြောသက်သက်မဟုတ်။ နိုင်ငံရေး ကြွေးကြော်သံများ၊ စကားလုံးအလှအပများ သက်သက်နဲ့ မဟုတ်ဘဲ တိုင်းရင်းသားမျိုးနွယ်စုအားလုံးရဲ့ သမိုင်းဆိုင်ရာ ပကတိအခြေအနေများအား မိမိကိုယ်ကျိုးစီးပွားသက်သက်ကို အခြေမခံဘဲ ဆန္ဒစွဲ၊ လူမျိုးစွဲကင်းစွာနဲ့ ဓမ္မဓိဋ္ဌာန်ကျကျသုံးသပ်ပြီး လက်တွေ့ကျကျအောင်မြင်သည်အထိ တည်ဆောက်ကြစို့လို့  နှိုးဆော်လိုက်ပါတယ်”ဟု ဦးဟံသာမြင့်က ပြောသည်။

လက်ရှိဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ မြန်မာခေါင်းဆောင်များအနေနဲ့ အပြောသက်သက်ပဲ ဖြစ်နေတာကို ဦးဟံသာမြင့် ရှင်းရှင်းလင်းလင်း သဘောပေါက်ပုံပေါ်သည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်း/ပြည်နယ်လွှတ်တော်အသီးသီးကို “ဖက်ဒရယ်” ကဲ့သို့ထင်မြင်နေရလောက်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲထားခြင်းဖြစ်သည်။

ရွေးကောက်ခံကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်ကိုယ်စားလှယ် ၅၆ ဦးတို့ဖြင့် အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းထားသလို ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ ဦးနှင့် တပ်ကိုယ်စားလှယ် ၁၁၀ ဦးဖြင့် ပြည်သူ့လွှတ်တော်တို့ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။

လွှတ်တော်နှစ်ရပ်ပေါင်းပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပသည့်အခါ ဒီမိုကရေစီစံနစ်အရ အင်အား ၂၂၄ ဦးသာရှိသည့် အမျိုးသားလွှတ်တော်က အင်အား ၄၄၀ ဦးရှိသည့် ပြည်သူ့လွှတ်တော်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိမည် မဟုတ်ပါ။

“ပြည်ထောင်စုလွှတ်တော်ကို ကျင်းပတဲ့အခါမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပေါင်းစပ်ပြီးတော့ ကျင်းပရတာ ဖြစ်တဲ့အတွက် အမျိုးသားလွှတ်တော်ရဲ့ အခန်းကဏ္ဍက ပြည်သူ့လွှတ်တော်ကို ဘယ်လိုမှ မနိုင်နိုင်ပါဘူး။ ပြည်သူ့လွှတ်တော်ရဲ့ အဆုံးအဖြတ်သာလျှင် အားလုံး ပြီးမြောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကို ဖက်ဒရယ်ပြည်ထောင်စုလို့ ပြောလို့ လုံးဝမရပါဘူး” ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ဒုဥက္ကဌ စိုင်းညွန့်လွင်က ပြောကြားခဲ့သည်။

သာမန်အားဖြင့် အမျိုးသားလွှတ်တော်၏ ဖွဲ့စည်းပုံနှင့် ကျင့်သုံးပိုင်ခွင့် အာဏာများကို လေ့လာကြည့်ပါက ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဖက်ဒရယ်ပုံစံဖြင့် ဆင်တူသကဲ့သို့ ရှိသော်လည်း  ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင့်သုံးနေသည်မှာ လွှတ်တော် သုံးရပ်ဖြစ်ကာ အမျိုးသားလွှတ်တော်တွင် လွတ်လပ်ခွင့်မရှိဟု ၎င်းကဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်ဖို့ တင်ပြထားတဲ့ ရွေးကောက်ပွဲ နည်းဥပဒေထဲက ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့ လက်ရှိ ရောက်နေတဲ့ နေရာမှာ ရက်ပေါင်း ၉၀ နေထိုင်ခဲ့ရင် မဲပေးလို့ရတယ် ဆိုတဲ့အချက်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါပြီ။

အခုလို ရက် ၉၀ ပြင်ဆင်ချက်ကို ရှမ်းတိုင်းရင်းသားပါတီနှင့် ကချင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့သော်လည်း မဲခွဲ ဆုံးဖြတ်သည့်အခါ ရှုံးနိမ့်ခဲ့သည်။

ယင်းကဲ့သို့ တိုင်းရင်းသားပါတီတွေ ကန့်ကွက်နေသည့်ကြားက အတည်ပြုလိုက်တဲ့အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “ဒေသခံတွေရဲ့ အမှန်တကယ် ကိုယ်စားပြုမှုကို မရတော့ဘဲနဲ့ တခြားဒေသက လာတဲ့သူက ဒီဒေသက လူတွေကို လာပြီး မဲပေးခွင့် ပိုရသွားစေတဲ့ အတွက်ကြောင့်မို့ အမှန်တကယ် ကိုယ်စားပြုမှုက မှန်ကန်ပါ့မလားဆိုတဲ့ အနေအထားကို ဖြစ်သွားတာပေါ့” ဟု ဆိုသည်။

အမျိုးသားလွှတ်တော်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကိုယ်စားလှယ် ၁၂ ဦးစီဖြင့် ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်ပြီး သက်ဆိုင်သည့်တိုင်းရင်းသားတစ်ခုချင်းစီအတွက် ကိုယ်စားပြုခြင်းမဟုတ်သည့်အတွက် “ဖက်ဒရယ်” လို့ ဆို၍မဖြစ်ပေ။

ယခင် ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ကိုယ်စားလှယ် ၄ ဦး၊ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ကိုယ်စားလှယ် ၁ ဦးသာ အမျိုးသားလွှတ်တော်မှာ အခြားတိုင်းရင်းသားအမတ်ကိုယ်စားလှယ်များကဲ့သို့ပင် လုံလောက်သော အချိုးအစားမရှိဘဲ ပါဝင်ခွင့်ရရှိခဲ့သည်မှာ လွှတ်တော်ကိုလက်ဝါးကြီးအုပ်သူတို့က စီမံအကွက်ချထားခြင်းကြောင့်ပင် ဖြစ်သည်။

စုစုပေါင်းအမတ် ၂၂၄ ဦးရှိသော လက်ရှိအမျိုးသားလွှတ်တော်တွင် ဗမာမဟုတ်သည့် တိုင်းရင်းသားပါတီများမှတိုင်းရင်းသားအမတ် ၁၉ ဦး၊ ၈ ဒဿမ ၅ ရာခိုင်နှုန်းသာရှိနေသည့်အတွက် ဖက်ဒရယ်ဆိုသော စကားရပ်နှင့် အဝေးကြီးဝေးနေသေးလို့ တိုင်းရင်းသားတန်းတူရေးအတွက် ခေတ်အဆက်ဆက်က ပြောဆိုခဲ့ကြသည့် ကရင်တစ်ကျပ် ဗမာတစ်ကျပ်ဆိုတာမျိုးဖြစ်လာဖို့ ခက်ခဲနေပါဦးမည်။

၁၉၉၀ ခုနှစ်က မြို့နယ်ပေါင်း ၃၁၇ ရှိခဲ့ရာမှ ၂၀၁၀ ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၃၃၀ ရှိလာသည့်အတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ဖြစ်လာသည်။ တိုးပွားလာသောမြို့နယ်အသစ်များမှာ တိုင်းရင်းသားနယ်မြေများတွင် သိပ်မတွေ့ရဘဲ တိုင်းဒေသကြီးများမှာသာ ဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်အတွင်း ဗမာအများစုသာ အမတ်ခုံနေရာပိုမိုရရှိထားပြန်သည်။  

တိုင်းဒေသကြီးနှင့် ပြည်နယ်များကို နှိုင်းယှဉ်ကြည့်လျင်လည်း မြို့နယ်အရေအတွက် ၆၂ ဒဿမ ၇ နှင့် ၃၇ ဒဿမ ၃ ရာခိုင်နှုန်း အချိုးရှိပါသည်။

အချုပ်ဆိုရသော် လူသားအရင်းမြစ်အရဖြစ်စေ ပထဝီနိုင်ငံရေးအရဖြစ်စေ အားနည်းသည့် တိုင်းရင်းသားများအနေဖြင့် ဒီမိုကရေစီရေးကို တည်ဆောက်နိုင်ဖို့က အိပ်မက်များသာဖြစ်နေဦးမည်။

တိုင်းရင်းသားနယ်မြေများအတွင်း အထူးသဖြင့် ဗမာရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်အခြေချလာသည်ကို အစိုးရက နည်းဥပဒေသစ်များဖြေလျော့၍ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း အလွယ်တကူထုတ်ပေးခြင်း၊ ရက် ၉၀ နေထိုင်ရုံဖြင့် မဲပေးခွင့်ပြုခြင်းတို့သည် လူသားအရင်းမြစ်ဖြင့် နိုင်ငံရေးတွင် ဗြောင်ဗြောင်တင်းတင် ဝင်ရောက်စေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ဖက်ဒရယ်ဝင်္ကဘာမှာ လေအပြောသက်သက်နဲ့ပဲ တရွေ့ရွေ့မျောပါစေရင်းဖြင့် အနှစ်နှစ်အလလက အစီအစဉ်တကျ အကွက်ချခဲ့သည့် လွှတ်တော်ကိုလက်ဝါးကြီးအုပ်ထားသူတို့၏ ဒီမိုကရေစီဆိုသည့်စကားလုံးကို ယုံကြည်လို့မဖြစ်နိုင်ပါကြောင်း။

မှတ်ချက်-ဤဆောင်းပါးကို ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီဂျာနယ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။(အယ်ဒီတာ)

 

Most read this week

May 9, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်...
May 8, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ထားသည့်...
May 8, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရပ်ကွက်အချို့တို့တွင် မြေမြှုပ်မိုင်း...
May 7, 2024
လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး...