လာမည့်ရွေးကောက်ပွဲတွင် “ဝ” အမျိုးသားပါတီမှ ကိုယ်စားလှယ် ၃၀ ဦးဝင်ပြိုင်မည်

လာမည့်ရွေးကောက်ပွဲတွင် “ဝ” အမျိုးသားပါတီမှ ကိုယ်စားလှယ် ၃၀ ဦးဝင်ပြိုင်မည်

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် “ဝ” တိုင်းရင်းသားကိုယ်စားပြု သုံးပါတီပေါင်းစည်းထားသည့် “ဝ” အမျိုးသားပါတီမှ ကိုယ်စားလှယ် ၃၀ ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီဉက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ကပြောသည်။

“ဝ” ဒေသထဲက မြို့နယ်နှစ်ခုမှာပဲ ရွေးကောက်ပွဲပြုလုပ်နိုင်မည်  

“ဝ” အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ၊ “ဝ”  ဒီမိုကရက်တစ်ပါတီ၊ “ဝ”  လစ်ဘရယ်ဒီမိုကရက်တစ်ဖွံ့ဖြိုး တိုးတက်ရေးပါတီ စုစုပေါင်း သုံးပါတီတို့ပေါင်းစည်းကာ ၂၀၂၀ နှစ်ဆန်းပိုင်းတွင်  “ဝ” အမျိုးသားပါတီ (WNP) အဖြစ်  ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဦးဆိုင်ပေါင်းနပ် က“ဒေသခံအစစ်အမှန်ဖြစ်သူများ၊ ဦးစားပေးကတော့ “ဝ” အမျိုးသားပေါ့။ အရည်အချင်းတူရင်တော့ “ဝ”အမျိုးသားပေါ့။ ရွေးချယ်ဖို့ကိုယ်စားလှယ်က” ဟု ‌ပြောသည်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှ နှစ်မြိုနယ်အပြင် ရှမ်းပြည်နယ်ထဲမှ ရှစ်မြို့နယ် စုစုပေါင်း မြို့နယ် ၁၀ ခုရှိ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့တွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်း ၎င်းကပြောသည်။

လတ်တလော ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များမှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှ ဟိုပန်နှင့် မက်မန်းမြို့နယ်အပြင် ရှမ်းပြည်နယ်ထဲမှ ကျိုင်းတုံ၊ တန့်ယန်း၊ မိုင်းရှူး၊ တာချီလိတ်၊ မိုင်းခတ်၊ မိုင်းဆတ် အစရှိသော “ဝ” တိုင်းရင်းသားများ အခြေချနေထိုင်သည့်ဒေသများတွင်ဖြစ်သည်။

သို့သော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှ ကျန်လေးမြို့နယ်ဖြစ်သည့် မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း နှင့် ပန်ဆန်းမြို့နယ် တို့တွင် ရွေးကောက်ပွဲပြုလုပ်ဖြစ်ဦးမှာ မဟုတ်‌ကြောင်းသိရသည်။

 “ အဲ့ဒီ့နယ်တွေမှာ မလုပ်ဖြစ်သေးလို့ ကျွန်တော်တို့လည်း အမည်စာရင်းမတင်သွင်းနိုင်သေးဘူး” ဟု ဦးဆိုင်ပေါင်းနပ်ကပြောသည်။

ပါတီသုံးခုမပေါင်းခင်အချိန်က “ဝ” ဒီမိုကရက်တစ်ပါတီသည်၂၀၁၀ ခုနှစ်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ဟိုပန် နှင့် မက်မန်း မဲဆန္ဒနယ်များတွင် ပြည်သူ့လွတ်တော်အမတ်နေရာမှ ကိုယ်စားလှယ်နှစ်ဦး အနိုင်ရရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဟိုပန်မဲဆန္ဒနယ်တွင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တစ်နေရာ နှင့် ပြည်နယ်လွှတ်တော် နှစ်နေရာ အနိုင်ရရှိခဲ့သည့်အတွက် လက်ရှိလွှတ်တော်ထဲတွင် ကိုယ်စားလှယ် သုံးဦးရှိထားသည်။

 လက်ရှိတွင်“ဝ” ဒေသအတွင်းရွေးကောက်ပွဲကျင်းပရန်အတွက် အဓိက အခက်အခဲများမှာ မှတ်ပုံတင်မရှိခြင်း၊ သန်းခေါင်းစာရင်းမရှိခြင်းစသည့် ကိစ္စရပ်များဖြစ်သည် ဟုလည်းသိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ကာလဖြစ်၍  အကန့်အသတ်နှင့် တားမြစ်ချက်များကြောင့် မဲဆန္ဒရှင် ပြည်သူများနေထိုင်သော ရပ်ရွာများသို့ အရောက်မသွားနိုင်သော ပြဿနာများလည်းရှိနေသည်။

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တည်ရှိပြီး စတုရန်း ကီလိုမီတာ ၃၂,၀၀၀ ကျော်   ကျယ်ဝန်းကာ လူဦးရေ  (၆)သိန်းကျော်နေထိုင်သည်။

မြို့တော်အဖြစ် ပန်ဆန်းကို သတ်မှတ်ထားပြီး “ဝ” ၊ အာခါ၊ ရှမ်း၊ ဗမာ၊ လားဟူ၊ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်း ၁၇ မျိုး နေထိုင်ပြီး UWSA က ထိန်းချုပ်ကာ အုပ်ချုပ်နေတဲ့ဒေသလည်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...