တိုင်ကြားထားသော မုဒိန်းမှုနှင့်ပတ်သက်သော သက်သေအချက်အလက်များကို အမှုစစ်သူများထံ တပ်မတော်လွှဲပြောင်း

တိုင်ကြားထားသော မုဒိန်းမှုနှင့်ပတ်သက်သော သက်သေအချက်အလက်များကို အမှုစစ်သူများထံ တပ်မတော်လွှဲပြောင်း

ဦးဂါရွာသူ အမှုအတွက် တပ်မတော်၏တွေ့ရှိချက် သက်သေများကို စစ်ဆေးရေးပြုလုပ်နေသော ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးထားပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါရွာမှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီတစ်ဦးကို တပ်မတော်သား သုံးဦးမှ အဓ္ဓမပြုကျင့်ခဲ့သည်ဟုဆိုကာ ကာယကံရှင်အမျိုးသမီးက  စစ်တွေမြို့မရဲစခန်းတွင် ဇူလိုင်လ ၁၀ ရက်နေ့ က အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်သည်။

“ အဲ့ရွာကိုစစ်ခဲ့တဲ့ထဲမှာ သက်သေအထောက်အထား ဗွီဒီယိုဖိုင်၊ အသံဖိုင်တွေကို စစ်ဆေးတဲ့သူကို လွှဲပြောင်းပြီးဖြစ်တယ်”  လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

တပ်မတော်မှရရှိထားသည့် သက်သေအချက်အလက်များအရဆိုပါက ဦးဂါကျေးရွာသူအမှုမှာ လုပ်ကြံဖန်တီး တိုင်ကြားခြင်းဟုလည်း ၎င်းကဆိုသည်။

သို့သော် အမှုကိုစစ်ဆေးနေသောအဖွဲ့အစည်းများဘက်မှ တစ်စုံတရာ ဆုံးဖြတ်ထားခြင်း မရှိသေးဘဲ စုံစမ်းမှုများ ပြုလုပ်နေသည့်အနေအထားလည်း ဖြစ်သည်။

အမှုစုံစမ်းစစ်ဆေးနေသည့်အခြေအနေနှင့်ပက်သက်၍ မဇ္ဈိမက  စစ်တွေမြို့မရဲစခန်းသို့ဆက်သွယ်မေးမြန်းရာ အမှုအခြေအနေကို ထုတ်ဖော်ပြော၍မရသေး ကြောင်းဆိုသည်။

“စစ်ဆေးပြီးရင် ပြန်ပြောပေးမယ်နော်။ အခုပြောလို့မရသေးဘူး” ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင် က ဆိုသည်။

ဇူလိုင် ၂၂ ရက်နေ့အထိ အမှုစစ်ဆေးနေသည့် ရဲတပ်ဖွဲ့မှ တရားလိုအပါအဝင် ဦးဂါကျေးရွာသား ၁၈ ဦးကိုစစ်ဆေးပြီးစီးထားကြောင်း တရားလိုဘက်မှ ကူညီပေးနေသည့် Legal Clinic Myanmar မှ တရားလွှတ်တော် ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

လတ်တလောတွင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးဆောင်ရွက်နေမှုကိုသာ စောင့်ကြည့်နေရသေးသည့် အနေအထားဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

 “တကယ်လို့များအမှုက စုံစမ်းစစ်ဆေးဖော်ထုတ်ပြီးလို့ ဉပဒေအကြံဉာဏ်တောင်းပြီးလို့ တရားရုံးကိုရောက်တဲ့အချိန်မှာ ကျွန်မတို့ရှေ့နေတွေအနေနဲ့ ထပ်ပြီးတော့ လိုက်ပါဆောင် ရွက်ခွင့်ရမှာပါ” ဒေါ်မြသူဇာက ဟုပြောသည်။

ဦးဂါရွာသူအမျိုးသမီးက ဇူလိုင်လ ၁ရက်နေ့တွင် ဆေးစစ်ချက်များခံယူပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၆၆ (မတရားသဖြင့် ကာမယှက်စပ်မှု) ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၄ ( ပူးပေါင်းပါဝင်မှု) စသည့် ပုဒ်မများဖြင့် စွပ်စွဲခံထားရသူ တပ်မတော်သား သုံးဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ ကလေး လေးယောက်၏မိခင် အသက် ၃၇ နှစ်ရှိ အမျိုးသမီးတစ်ဦးအား ဇွန်လ ၃၀ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်သား သုံးဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ထုတ်ဖော်ပြောကြားကြောင်း သတင်းမီဒီယာအချို့မှ ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါသတင်းမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြခဲ့ခြင်း ဟုလည်း တပ်မတော်က ဇူလိုင် ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...