WFP မှစားနပ်ရိက္ခာ ၁၆၅တန်ချိန် ပလက်ဝမြို့နယ်စတင်ဖြန့်ဝေ

WFP မှစားနပ်ရိက္ခာ ၁၆၅တန်ချိန် ပလက်ဝမြို့နယ်စတင်ဖြန့်ဝေ

တပ်မတော်နှင့်ရခိုင့်တပ် အေအေတို့ တိုက်ပွဲဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အရေးပေါ်လိုအပ်နေသည့် စားနပ်ရိက္ခာစုစုပေါင်း ၁၆၅ တန်ချိန်ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ဇူလိုင် ၂၂ရက်နေ့တွင် စတင်ဖြန့်ဝေနေပြီ ဖြစ်သည်။

ယခုရောက်ရှိလာသော စားနပ်ရိက္ခာများထဲတွင် ဆန်၊ ပဲ၊ ဆီ၊ ဆားနှင့်ခွန်အားမြှင့် အာဟာရမှုန့်များပါဝင်ပြီး လူဦးရေ လေးထောင်ကျော်အတွက် အချိန် နှစ်လခန့် စားနပ်ရိက္ခာလုံလောက်စေမည်ဖြစ်ကြောင်းWFP က ထုတ်ပြန်ထားသည်။

“လမ်းခရီးအခက်ခဲတွေနဲ့ ဒေသလုံခြုံရေးအခြေအနေ မတည်ငြိမ်တဲ့ကြားက ပလက်ဝမြို့ဆီ ကျွန်တော်တို့အရေးပေါ်အထောက်အပံ့တွေ ထပ်ပြီးပေးပို့နိုင်ခဲ့ပါတယ်။ ချင်းပြည်နယ်အစိုးရအပါအဝင် အဆင့်ဆင့်က တာဝန်ရှိသူတွေရဲ့ ကူညီပံ့ပိုးမှုကျေးဇူးကြောင့်လို့ ဆိုရမှာပါ။ ” ဟုWFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ စတီဖန်အန်ဒါဆန်က ယင်းထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့အပြင် ပလက်ဝမြို့နယ်အတွင်းတွင်ရှိနေသည့် မိသားစုများသည် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးရသည့်အခြေအနေကို ဆက်လက်ရင်ဆိုင်နေကြရသောကြာင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အဆက်မပြတ်ပေးပို့ရန် အရေးတကြီးလိုအပ်နေကြောင်းလည်း မစ္စတာ စတီဖန်အန်ဒါဆန်က ဆိုထားသည်။

ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နှင့်နယ်နမိတ်ချင်း ထိစပ်နေပြီး ကျောက်တော်- ပလက်ဝ ရေလမ်းကြောင်း တစ်ခုကိုပဲ အဓိက အားထားနေရသည်။

လက်ရှိတပ်မတော်နှင့်ရခိုင့်တပ် အေအေတို့ ကြားဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ကျောက်တော်- ပလက်ဝ ပြေးဆွဲပေးနေသည့် ရေလမ်းခရီးကို ရပ်နားထားရသည့်အတွက် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေခြင်းသည် သုံးလခန့်ကြာမြင့်နေပြီဖြစ်ကြောင်းပလက်ဝဒေသခံများကပြောသည်။

ပလက်ဝဒေသခံ ဆလိုင်းကျော်ငြိမ်းက “ကုန်စည်စီးဆင်းမှုကို မတ်လလောက်ကတည်းက စပြီးတော့ ပိတ်ထားတာ။ စစ်တွေကို အသွားအလာရလို့ရှိရင် ကုန်စျေးနှုန်းက ကျဆင်းမှာပါ။” လို့ ပြောပါတယ်။

ရေမိုင် ၄၀ လောက်သာသွားရသော ကျောက်တော်- ပလက်ဝ ရေလမ်းခရီးအား ရပ်နားထားရသည့်အတွက် မိုင် ၁၀၀ ကျော် ဝေးကွာသည့် မကွေးတိုင်းဘက်မှ ကုန်ပစ္စည်းများကို ဝယ်ယူနေရသည့်အတွက် အခက်အခဲများရှိနေပြီး ကုန်စျေးနှုန်းမြင့်တက်မှုများရှိနေသည်။

တပ်မတော်နဲ့ ရခိုင့်တပ်အေအေတို့ တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ရှစ်ထောင်နီးပါးလောက်ရှိနေပြီး ပလက်ဝမြို့ပေါ်တွင် ငါးထောင်ကျော်နှင့်ဆမီးမြို့တွင် နှစ်ထောင်ကျော် ရှိနေကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူများကပြောသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...