ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီဖြင့်တွေ့ဆုံခြင်း

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီဖြင့်တွေ့ဆုံခြင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကချင်ပြည်နယ် ပြောရေးဆိုခွင့် ဦးချန်တန်ခင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကချင်ပြည်နယ် ပြောရေးဆိုခွင့် ဦးချန်တန်ခင်

လာမည့် နိုဝင်ဘာလတွင်ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ USDP မှပြောရေးဆိုခွင့်ရှိသူ နောင်မွန်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင် ကို ကချင်သတင်းဌာန KNG တွေ့ဆုံမေးမြန်းထားသည်။

မေး-လာမယ့် ၂၀၂၀ရွေးကောက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလား။

ဖြေ- ဟုတ်ကဲ့ ၂၀၂၀ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်မှာဆို ၁၈မြိုနယ်စလုံးမှာ ပြိုင်မယ်။ ပြီးတော့ တိုင်းရင်းသားရေးရာဝန်ကြီး ၄နေရာ ပြိုင်ဖို့စီစဉ်ပြီး ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အပိုင်းမှာလည်း ပါတီမှာ မြို့နယ်ပြည်နယ်အဆင့်ဆင့် စီစစ်ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ မကြာခင်မှာဘဲ ကော်မရှင်ကနေ သတ်မှတ်တဲ့အချိန်ကျရင်တော့ ကချင်ပြည်နယ်လုံးလွှတ်တော်အသီးသီးကယှဉ်ပြိုင်ကြမယ့် သူတွေကို အားလုံးသိအောင် ကြေညာနိုင်တော့မှာဖြစ်ပါတယ်။

မေး-USDP ပါတီအနေနဲ့ ကချင်ပြည်နယ်အတွင်းမှာ တိုင်းရင်သားလူများစု ရှိတဲ့နေရာတွေမှာကော တိုင်းရင်းသားပါတီတွေအတွက် ဖြေလျော့ပေးဖို့ရှိလား။

ဖြေ-လောလောဆယ်တော့ ဒါကိုတော့ အတိအကျပြောလို့မရသေးဘူး။ တိုင်းရင်းသားများတဲ့နေရာမှာ ဖြေလျော့ပေးခဲ့တာကတော့၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတွေတုန်းကဆို တိုင်းရင်းသားကိုယ်စားလှယ်တွေ တစ်ကယ်အရည်အချင်းရှိတဲ့ဟာမျိုးမှာ တစ်ကယ်လည်းသူတို့ဒေသအတွက်လုပ်နိုင်မယ့် နေရာမျိုးမှာ ကျနော်တို့အနေနဲ့ မယှဉ်ပြိုင်ဘဲ သူတို့ကိုအားပေးတဲ့အနေနဲ့ ဖြေလျော့ခဲ့တာမျိုးတော့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ တိတိကျကျပြောလို့မရသေးပါဘူး။ ခုကိုယ်စားလှယ်လောင်းရွေးချယ်ထားတဲ့အဆင့်ဘဲ ရှိနေပါသေးတယ်။

မေး-လာမယ့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ အရင်လွန်ခဲ့တဲ့ရွေးကောက်ပွဲနဲ့ မတူတဲ့ ကွာခြားမှုတွေ ဘာတွေဖြစ်မလဲ။

ဖြေ-၂၀၁၅နဲ့တော့တူမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် ၂၀၁၀ မှာပြည်ခိုင်ဖြိုးအစိုးရလုပ်တယ်။ ၂၀၁၅မှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ခေါင်းစဉ်နဲ့ ခု NLD အစိုးရလုပ်တယ်။ သူတို့အစိုးရလုပ်တဲ့ချိန်မှာဘယ်ပါတီကတော့ ဘယ်လိုကတိတွေပေးခဲ့ကြတယ်။ ရွေးကောက်ပွဲမှာ ကတိကဝတ်တွေဘယ်လိုပေးခဲ့ကြလဲ။ ဘယ်လောက်ထိ ဆောင်ရွက်နိုင်ခဲ့ကြလဲ ဆိုတာကိုတော့ ပြည်သူတွေအသိပဲ။ အဲကြောင့်မို့ ၂၀၂၀မှာလည်း ဘယ်ပါတီက ပြည်သူတွေကို ဘယ်လိုကတိကဝတ်တွေပေးမလဲဆိုတာလဲ ၂၀၁၅ နဲ့တူမှာ မဟုတ်ဘူး။ အဲတော့ ကျနော်ထင်တယ် ၂၀၂၀ရွေးကောက်ပွဲဟာ မြန်မာပြည်တွက်အရမ်းအရေးကြီးတယ် ပြည်သူတွေကိုယ်၌ကလည်း ပါတီကိုလည်းကြည့်ရမယ်။ မူကိုလည်းကြည့်ရမယ် အရည်အချင်းကိုလည်း ကြည့်ဖို့လိုအပ်ပါတယ်။

မေး- ၂၀၂၀ ရွေးကောက်ပွဲက ကန့်သတ်ချက်တွေကြားမှာ ကျင်းပရမှာဆိုတော့ တရားမျှတမူရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်မလား။

ဖြေ- ရောဂါနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေရှိတယ်။ သို့သော်လည်း တစ်ဖက်မှာကျတော့ ရွေးကောက်ပွဲအကြိုကာလ ဖြစ်နေတဲ့ချိန်မှာ ပါတီတွေအတွက် အများကြီးနစ်နာမူတွေရှိနေပါတယ်။ ကျနော်တို့ပါတီပဲ မဟုတ်ပါဘူး ကျန်တဲ့ပါတီတွေကလည်း ဒါနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေဟာ မမျှတဘူး ခက်ခဲတွေများကြီးဖြစ်စေတယ်ဆိုပြီး ပြောကြတယ်။ တစ်ဖက်မှာလည်း အာဏာရပါတီတွေဟာ သမ္မတတွေဖြစ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံတွေဖြစ်တယ်။ လက်ရှိ ဝန်ကြီးတွေဖြစ်တယ်၊ နိုင်ငံတော်ရဲ့ဖွ့ံ့ဖြိုးတိုးတက်ရေး ကိစ္စတွေ သွားရင်းနဲ့ဘဲ ပါတီရဲ့ဝန်းရံမူတွေ ဆောင်ရွက်တဲ့ချိန်မှာ တစ်ဖက်မှာလည်း နိုင်ငံတော်တာဝန်ထမ်းဆောင်သလိုဘဲ တစ်ဖက်မှာလည်းပါတီရဲ့စည်းရုံးရေးဖြစ်တဲ့ပုံစံ အသွင်သဏ္ဍဆောင်နေတယ်။ ဒီလိုဘဲတစ်ဖက်မှာလည်း နိုင်ငံတော်သမ္မနဲ့အတိုင်ပင်ခံဟာ ဇူလိုင်လကစပြီး ပါတီစည်းရုံးရေး ဆင်းမယ်လို့ ထုတ်ပြန်ချက်တွေထုတ်တဲ့ခါမှာ တစ်ဖက်မှာတော့ အာဏာမရတဲ့ပါတီတွေအတွက်တော့ ကန့်သတ်ချက်တွေနဲ့ဆိုတော့ မမျှတမှုတွေကတော့ မျက်မြင်ကိုယ်တွေ့ဖြစ်နေပြီ။

မေး-လက်ရှိမှာရွေးကောက်ပွဲအတွက် မဲဆွယ်ကာလကို တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့ သိရတယ် ဒီပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဖြေ-ရွေးကောက်ပွဲကြေညာတာကတော့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်။ သင့်တော်မယ့်ရက်ကိုကြေညာတယ်။ ဒါပေမယ့် အဲမှာအရေးကြီးဆုံးက ရွေးကောက်ပွဲရက်မတိုင်ခင်မှာ နိုင်ငံရေးပါတီဟာ အားလုံးဟာ မျှမျှတတ စည်းရုံးခွင့်၊ လှုပ်ရှားခွင့်၊ သွားလာခွင့်ရှိရမယ်။ အဲလိုစည်းရုံးလှုပ်ရှားခွင့်မရှိဘဲနဲ့ ဘယ်ရက်မှာကျင်းပမယ်လို့ပြောရင် ခုနပြောသလို ကိုယ့်ရဲ့မူဝါဒတွေ လူတစ်ဦးချင်းစီရဲ့အရည်အချင်းတွေ မသိရှိရင် နိုင်ငံရေးအတွက်သာမဟုတ်ဘဲ ပြည်သူတွေတွက်လည်း ရွေးချယ်တဲ့ချိန်မှာ ခက်ခဲဖြစ်တယ်။ အဲကြောင့် ရွေးကောက်ပွဲမရောက်ခင်အနည်းဆုံး ၃လ ၄လလောက်တော့ နိုင်ငံရေးပါတီများတွက် ဘယ်လိုပုံစံနဲ့ စည်းရုံးခွင့်ပြုရမလဲဆိုတာ ပြတ်ပြတ်သားသား ကြေညာဖို့လိုတယ်။ ခု Covid-19 ကာကွယ်ထိန်းချုပ်ရေးကနေ ထုတ်ပြန်တဲ့ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ဘယ်လိုလုပ်ပါဆိုတာနဲ့ အဲလောက်နဲ့တော့ မလုံလောက်ဘူး။

မေး-ပါတီရဲ့အခြေခံမူ ၂၁ ချက်ထဲက နိုင်ငံတော်အစိုးရနဲ့ ပတ်သက်တဲ့ အချက် ၄ချက်ထဲမှာကလည်း အစိုးရ၏အခန်းကဏ္ဍမှာ အာဏာရပါတီ ရှင်းလင်းပြတ်သားစွာဆောင်ရွက်ရမယ်လို့ ပါတာတွေ့ရတယ်။ အဲကိစ္စနဲ့ပတ်သက်ပြီး တစ်ကယ်ရောအစိုးရနဲ့ အာဏာရပါတီကြားမှာ ပြတ်သားတဲ့ တာဝန်ယူမှုပိုင်းခြားမှုရှိလား ဘယ်လိုမြင်မိလဲ သုံးသပ်ပေးပါအုံး။

ဖြေ- ပြည်ထောင်စု ဥပဒေမှာလည်း ပါပြီးသားပါ။ ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံတော်သမ္မတတွေဟာ နိုင်ငံရေးပါတီအလုပ်ကို ဆောင်ရွက်ခွင့်မရှိဘူး ဥပမာတစ်ခုပေးချင်တယ် ၂၀၁၅ တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဟာ နိုင်ငံတော်သမ္မတဖြစ်တယ်။ သူခရီးသွားတဲ့ချိန်မှာ ကြံ့ခိုင်ရေးပါတီတွေဟာ ကိုယ့်ဥက္ကဌဆိုပြီး ကြိုဆိုတာရှိခဲ့ကြတယ်။ အဲဒါကိုတောင်မှ NLDက ဗဟိုအလုပ်အမှုဆောင်တွေက နိုင်ငံတော်သမ္မတဟာ နိုင်ငံရေးပါတီအလုပ်ကို လုံးဝလုပ်ခွင့်မရှိပါဘူး ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကို တိုင်တာတွေရှိခဲ့တယ်။ ခုကတော့ ကြိုတာမဟုတ်ဘူး မဲစည်းရုံးရေးလုပ်မယ်ဆိုတော့ ကိုယ်အတိုက်အခံ လုပ်ခဲ့တဲ့ချိန်မှာ လုပ်ခဲ့တဲ့အရာတစ်ခုက လုပ်လို့မရပေမယ့် ကိုယ်အာဏာရလာတဲ့ချိန်မှာ လုပ်လို့ရတယ်ဆိုတာ ဖြစ်နေတယ်။

မေး-ပြည်သူတွေနဲ့လည်း ရွေးကောက်ပွဲကာလဖြတ်သန်းလာတာ ၃ကြိမ်ရှိနေပြီ သူတို့မဲပေးတယ်။ ပြီးတော့ ပါတီတွေကလည်း ကတိကဝတ်တွေပေးခဲ့ကြတယ်။ ဒါပေမယ့် အဲကတိကဝတ်တွေ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ချိန်မှာ နိုင်ငံရေးကို စိတ်ပျက်လာတာမျိုးတွေ့ရတယ်။ ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲကကော အရင်ရွေးကောက်ပွဲတွေလိုဘဲ ပြည်သူတွေတစ်ခဲနက် မဲလာပေးမယ်လို့ ယုံကြည်ထားလား။

ဖြေ-အနီးစပ်ဆုံး ပြောရမယ်ဆိုရင် ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာမထည့်တာတော်တော်များတယ်လို့ သိရတယ်။ ဒါကလည်းပြည်သူတွေ နိုင်ငံရေးကို စိတ်ပျက်တဲ့အပိုင်းလည်းရှိမှာပါ။ မဲပေးတဲ့ပြည်သူတွေအနေနဲ့ မဲပေးရင်လည်းဘာထူးလို့လဲ မဲတောင်းတဲ့ချိန်ကျ ဒီလိုဘဲမဲတောင်းပြီးတော့မှ အာဏာရလာတဲ့ချိန်မှာ ဘယ်လိုကတိတွေပေးခဲ့လဲဆိုတာကို ပြန်မကြည့်တဲ့အပြင် ကတိကဝတ်တွေ ဘာလို့မဖော်ဆောင်နိုင်လဲဆိုတာကိုပါ ရှင်းလင်းတာမရှိတဲ့ချိန်ကျတော့ ဒါကတော့ ပြည်သူတွေတွက် မဲလိမ်ခြင်းတစ်မျိုးဘဲဖြစ်နေပါတယ်။ အဲကြောင့် ၂၀၂၀ရွေးကောက်ပွဲကတော့ တစ်ကယ်ကြိုးစား တစ်ကယ်ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း နိုင်ငံရေးကိုစိတ်ပျက်ပြီး မဲလာမပေးမယ့်ဟာမျိုးလည်းဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

မေး- USDP ပါတီအနေနဲ့ တပ်တွင်းမဲရုံကို တပ်တွင်းမှာပဲထားကောင်းတယ်ဆိုပြီး အရင်က အကြံခဲ့တာတွေ မျိုးရှိတယ်လို့ သိရတယ် ဒီကိစ္စနဲ့ ပတ်သက်ပြီးပြောပေးပါအုံး။

ဖြေ-ဒါကတော့ အရင်က ဆွေးနွေးခဲ့တာပါ။ တစ်ချို့တပ်တွေက လုံခြုံရေးအရထားလို့ အဆင်မပြေတဲ့ဟာမျိုးဖြစ်တဲ့အတွက် ဆွေးနွေးခဲ့တာပါ။ ကန့်ကွက်တာမဟုတ်ပါဘူး။ အဓိကတော့ မဲရုံးကိုဘယ်မှာထားမယ် ဘယ်လိုလုပ်မယ်ဆိုတာကတော့ UEC နဲ့ဘဲဆိုင်တာပါ။ ဒါပေမယ့် ၂၀၁၀တုန်းကလည်း တပ်တွင်းမဲရုံကို တပ်မှာဘဲထားတာဘဲ ကြံ့ခိုင်ရေးအစိုးရပေါ်လာတယ်။ ၂၀၁၅မှာလည်း တပ်တွင်းမဲရုံကို တပ်တွင်းမှာဘဲထားတယ် ဒါပေမယ့် NLDအစိုးရဖြစ်ပေါ်လာတာဘဲ။ ကျနော့်အထင်ကတော့ မဲရုံဘယ်မှာဘဲထားထား ကိုယ်ထည့်ချင်တဲ့နေရာမှာသာထည့်ကြတာပါ။ ဒါပေမယ့် UECကတော့ ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ် တပ်တွင်းမဲရုံကိုတပ်ပြင်ထွက်လိုက်တာဘဲ။

မေး-USDP ပါတီအနေနဲ့ မဟာမိတ်ဖွဲ့ထားတာကောရှိလား။ တိုင်းရင်းသားပါတီတွေနဲ့ဆက်ဆံရေးအခြေနေကဘယ်လိုရှိလဲ။

ဖြေ-ကျနော်တို့ပါတီအနေနဲ့တော့ မဟာမိတ်ဖွဲ့ထားတာ သီးသန့်တော့မရှိပါဘူး။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေနဲ့တော့ လိုအပ်ရင်လိုအပ်သလို ကိစ္စရပ်တွေပေါ်မူတည်ပြီး တူဆောင်ရွက်တာမျိုးတော့ရှိပါတယ်။ ပြီးတော့ ကျနော်တို့ပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေအပေါ်ထားတဲ့ သဘောထားက တစ်အားရှင်းတယ်။ တိုင်းရင်းသားတွေက တစ်နိုင်ငံလုံးမှာဖြန့်ကျက်ပြီးနေတာမဟုတ်တဲ့အတွက် အစိုးရဖွဲ့ဖို့ အရမ်းခက်ခဲတယ်။ ကျနော်တို့မူဝါဒကိုက တိုင်းရင်းသားတွေနဲ့လက်တွဲရမယ်ဆိုတဲ့ မူဝါဒရှိတယ်။ ကျနော်တို့ ၂၀၁၅မှာအစိုးရဖွဲ့တဲ့အချိန်မှာ တိုင်းရင်းသားပါတီတွေအားလုံးကို ဝန်ကြီးတစ်နေရာဆီပေးလိုက်တယ်။ ကျနော်တို့ထဲမှာ ဝန်ကြီးလုပ်မယ့်သူတွေများကြီးရှိတယ်။ သို့သော်တိုင်းရင်းသားပါတီတွေကို ဝန်ကြီးပေးလိုက်ခြင်းအားဖြင့် လွှွတ်တော်ထဲမှာမရောက်ဘဲနဲ့ အစိုးရဖွဲ့ထဲရောက်တယ်။ အစိုးရဖွဲ့ထဲရောက်ရင်တော့ သူပြောစရာရှိတာပြောလို့ရတယ်လေ။

မေး-အဲဆိုရင် ၂၀၂၀ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ရေးမှာ ဘယ်လိုထိမျှော်လင့်ထားလဲ။

ဖြေ-ကျနော်တို့ပါတီကတော့ ဘော်လုံးကန်သလိုပေါ့ ဘယ်အသင်းနဲ့ဘဲကန်ကန် ကျနော်တို့ကတော့ အပြတ်နိုင်မယ်လို့ ယူဆတယ်။ တစ်ဖက်က ဘယ်သူဖြစ်ဖြစ် အဓိကမဟုတ်ဘူး ကျနော်တို့ဘက်ကတော့ ဘယ်သူနဲ့ဘဲယှဉ်ပြိုင်ပြိုင် ပြည်သူ့အဆုံးဖြတ်ကိုခံယူမယ်။ ရာနူန်းပြည့်နိုင်မယ်လို့လည်း ခံယူထားတယ် ယုံကြည်ထားတယ်။

မေး-USDPပါတီအနေနဲ့ ၂၀၂၀ မှာ ပြည်သူတွေကို အဓိကပေးမယ့် ကတိကဝတ်က ဘာဖြစ်မလဲ။

ဖြေ-ရွေးကောက်ပွဲကြေညာစာတမ်းလည်းရှိပါတယ်။ အာမခံချက်လည်း ၁၂ချက်ရှိပါတယ်။ အဓိကတော့ ကျနော်တို့ပါတီက ဘာလဲလို့ပြောရင် ပြည်သူတွေမကြိုက်တဲ့အလုပ်ကိုမလုပ်ဘူး ပြည်သူ့ဆန္ဒဘဲ မူဝါတွေ အာမခံချက်တွေတော့ များကြီးရှိတာပေါ့။ ဥပမာ မြစ်ဆုံစီ်မံကိန်း ပြည်သူတွေမကြိုက်ဘူး ကျနော်တို့ရပ်ဆိုင်းလိုက်တာဘဲလေ။

<<>>

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကချင်ပြည်နယ် ပြောရေးဆိုခွင့် ဦးချန်တန်ခင်

Most read this week

May 17, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်...
May 16, 2024
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 15, 2024
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...