ထိုင်းရောက်မြန်မာနိုင်ငံသားများ ရွေးကောက်ပွဲ အတွက် ပုံစံ(၁၅) စတင်တင်သွင်းနိုင်

ထိုင်းရောက်မြန်မာနိုင်ငံသားများ ရွေးကောက်ပွဲ အတွက် ပုံစံ(၁၅) စတင်တင်သွင်းနိုင်

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် နိုင်ငံပြည်ပရောက် မဲဆန္ဒရှင်များပုံစံ ၁၅ ကို ဇူလိုင် ၁၆ ရက်မှ စတင် တင်သွင်းနိုင်ပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲ မဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) ကို ဇူလိုင် ၁၆ရက်တွင် စတင်တင်သွင်းနိုင်ပြီး၊ သြဂုတ် ၅ရက် နောက်ဆုံးတင်သွင်းရမည်ဟု ချင်းမိုင် ခရိုင် ကောင်စစ်ဝန်ရုံးက ထုတ်ပြန်လိုက်သည်။

ပုံစံ ၁၅ ဖြည့်သွင်းရာတွင် လက်မှတ်၊ လက်ဗွေ ပါရှိရန်၊ တကြိမ်ထက် ပိုမိုတင်သွင်းခြင်းမပြုရန်၊ နိုင်ငံကူး လက်မှတ် မိတ္တူ ပူးတွဲတင်ပြရန် လိုအပ်ကြောင်းသိရသည်။

“ ပုံစံ ၁၅ ဖြည့်တဲ့အခါမှာ အင်္ဂလိပ်လိုနဲ့ မြန်မာလိုပဲဖြည့်ပါ။ တခြားဘာသာ ဖြည့်ရင်ပယ်ခံရမယ်။ ဒါကို သတိရှိစေချင်တယ်” ဟု ချင်းမိုင်ခရိုင်မြန်မာ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများက ပြောသည်။

ပုံစံ ၁၅ တင်သူများ၊ ကြိုတင် မဲပေးပိုင်ခွင့်ရှိသူများသည် ပြည်ထောင်စု အစိုးရခွင့်ပြုချက် ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများဖြစ်ပြီး၊ တရားဝင်ရောက်ရှိနေသူများ (သက်တမ်းရှိ CI Certificate of Identification မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူများ အပါအဝင်) ဖြစ်ရမည် ဟု သိရသည်။

“ အလုပ်သမားကဒ် သက်တမ်းရှိ CI ကိုင်ဆောင်သူတွေ မှာ မှတ်ပုံတင်ရှိရမယ်။ နောက်ပြီး တော့ သန်းခေါင်စာရင်း ရှိရမယ်” ဟု ချင်းမိုင်ခရိုင် မြန်မာ ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူများက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အများစု အတွက် ကြိုတင်မဲ ပေးရာတွင် အခက်အခဲရှိနိုင်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများသည် တရားမဝင်သူများရှိသကဲ့သို့ တရားဝင်နည်းလမ်းဖြင့်ရောက်ရှိအလုပ်လုပ်ကိုင်နေသူများလည်းရှိကြသည်။

ထို့ပြင်များသောအားဖြင့် ထိုင်းနိုင်ငံ တွင်နေထိုင်ပြီး အလုပ်လုပ်နေသူ CI ကိုင်ဆောင်သူများသည် မှတ်ပုံတင် မရှိသူများကြောင်း၊ တချို့မှာလည်း မှတ်ပုံတင် နာမည်နှင့် CI ကဒ်ရှိနာမည် လွှဲနေသူလည်း ရှိနေသည့် အတွက် ပုံစံ ၁၅ ကြိုတင်မဲပေးရန် ခက်ခဲနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက ပြောဆိုလိုက်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၆၈)၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်(၃၃၀)၊ တိုင်းဒေသကြီး / ပြည်နယ် မဲဆန္ဒနယ် (၆၄၄) နှင့် တိုင်းဒေသကြီး / ပြည်နယ် တိုင်းရင်းသား မဲဆန္ဒနယ် (၂၉ ) နေရာတို့ဖြစ်ကြောင်းသိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...