ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံ နှစ်ဦးအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် မိသားစုဝင်များ တောင်းဆို

ဖမ်းဆီးခံထားရသည့် ကျောက်ဖြူဒေသခံ နှစ်ဦးအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် မိသားစုဝင်များ တောင်းဆို

အောင်ထိန် - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ဒေသခံနှစ်ဦးကို တပ်မတော်က ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့နှစ်ဦးတွင် အပြစ်ရှိလျှင် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်နှင့် အပြစ်မရှိလျှင်လည်း ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

ဇင်ချောင်းကျေးရွာမှ ကိုမောင်အေးနိုင် ၃၇ နှစ်နှင့် ကိုဝင်းနိုင် ၂၇ နှစ်တို့ကို တပ်မတော်မှ ဖမ်းဆီးထားသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သဖြင့် စိုးရိမ်မိကြောင်း မိသားစုဝင်များက ဆိုသည်။

ထို့ကြောင့် ၎င်းတို့နှစ်ဦးတွင် အပြစ်ရှိပါက သက်ဆိုင်ရာသို့အပ်နှင်းပြီး တရားဥပဒေအတိုင်း အရေးယူ ဆောင်ရွက်စေလိုကြောင်း ဖမ်းဆီးခံထားရသူ ကိုမောင်အေးနိုင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“သူတို့က အရမ်းနှိပ်စက်ခံထားရတယ်လို့ သိရတယ်။ စကားလည်း ကောင်းကောင်းမပြောနိုင်တော့ဘူး။ ဘာမှလည်း မသိတော့ဘူး။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ဒါကို သူတို့(တပ်မတော်)ထဲက တစ်ယောက် ပြောလို့ ကျွန်တော်သိတာ” ဟု ၎င်းမိသားစုဝင်က ပြောသည်။

ဖမ်းဆီးခံရသူ ကိုဝင်းနိုင်မှာ ဇင်ချောင်းကျေးရွာတွင် ဖုန်းနှင့်ကွန်ပျုတာပစ္စည်း အရောင်းဆိုင် ဖွင့်လှစ်ထားသူ ဖြစ်ကာ ကိုမောင်အေးနိုင်မှာ ဆိုင်ကယ်ကယ်ရီ မောင်းနေသူတစ်ဦးဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျမတို့ မောင်လေးနဲ့တွေ့ချင်တယ်။ သူတို့မှာ ဘာအပြစ်မှမရှိဘူး။ ဘာဖြစ်လို့ဖမ်းတယ်ဆိုတာလည်း သိချင်တယ်။ သူတို့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်တယ်” ဟု ဖမ်းဆီးခံရသူ ကိုဝင်းနိုင်၏ အစ်မဖြစ်သူ ဒေါ်ဝင်းဝင်းကြည်က ဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဇင်ချောင်းကျေးရွာမှ ဒေသခံလေးဦးကို ကျောက်ဖြူမြို့ရှိ တပ်မတော်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ယင်းနေ့တွင် ဖမ်းဆီးထားသူများထဲမှ ကိုဝင်းသိန်းအောင်နှင့် ၎င်း၏အစ်ကိုဖြစ်သူတို့ကို ပြန်လွှတ်ပေးလိုက်ကာ ကိုမောင်အေးနိုင်နှင့် ကိုဝင်းနိုင်တို့နှစ်ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးကို အမ်းမြို့နယ်ရှိ တပ်ရင်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်းသိရသော်လည်း မည်သည့်တပ်ရင်းဖြစ်သည်ကို တိတိကျကျ မသိရသေးကြောင်း မိသားစုဝင်များက ဆိုသည်။

ယခုကိစ္စအား သိရှိနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ရခိုင်ဒေသအတွင်း သံသယဖြင့် ဖမ်းဆီးစစ်ဆေးမှုများတွင် အေအေနှင့်ဆက်စပ်မှု မရှိသူများကို ပြန်လွှတ်ပေးကာ ဆက်စပ်မှုရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရသူများက မီဒီယာများကို မကြာခဏ ပြောကြားလေ့ရှိသည်။

ဇွန်လ ၂၆ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာနှင့် စိုင်ဒြုံဒွိန်ကျေးရွာမှ ဒေသခံ ၈ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်။

Most read this week

ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...