ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီဥက္ကဌ Pu Ngai Sak နှင့်တွေ့ဆုံမေးမြန်းခြင်း

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီဥက္ကဌ Pu Ngai Sak နှင့်တွေ့ဆုံမေးမြန်းခြင်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကို လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့ တနင်္ဂနွေနေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ချင်းပါတီ (၃) ခုကို ပေါင်းစည်းပြီး ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ရဲ့အလှည့်ကျ ဥက္ကဌ Pu Ngai Sak နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ပူးငိုင့်ဆာခ်သည် ခစယ (ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ) တွင် အတွင်းရေးမှူးဖြစ်ခဲ့ပြီး၊ ၁၉၈၈ အရေးတော်ပုံ၌ ကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရေးအတွက် အားကြိုးမာန်တက် ကြိုးစားခဲ့တဲ့ မကသ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ)မှာ ချင်းကိုယ်စားလှယ်အနေနဲ့ ပါဝင်ခဲ့သူဖြစ်ပါတယ်။

အဲ့ဒီနောက် ချင်းအမျိုးသားသမဂ (CNU) တွင်လည်း တက်ကြွစွာပါဝင်ဦးဆောင်ခဲ့ပြီး၊ CNU မှ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) အား ဖွဲ့စည်းရာတွင် အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းတွင် မြို့နယ်တရားသူကြီးအဖြစ် ခရမ်း၊တီးတိန်၊ပဲခူး၊မိုင်းတုံမြို့နယ်များတွင်၄င်း၊ တရားရုံးချုပ် (ရန်ကုန်) တွင် ဦးစီးအရာရှိ အဖြစ်လည်း ထမ်းဆောင်ခဲ့ပြီး၊ ဂျပန်နိုင်ငံတွင် ပညာတော်သင်အဖြစ်စေလွှတ်ရန် မြန်မာတနိုင်ငံလုံးရှိ တရားသူကြီးများ စာမေးပွဲဖြေဆိုခဲ့ရာ၊ ပထမရရှိခဲ့သော်လည်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုကြောင့် ငြင်းပယ်ခြင်းခံရပါတယ်။ ထိုအတွက်ကြောင့် တရားသူကြီးအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး၊ တရားလွှတ်တော်ရှေ့နေအဖြစ် အသက်မွေးဝမ်းကြောင်းလျက်ရှိပါတယ်။

မေး- လာမယ့်ရွေးကောက်ပွဲမှာ ချင်းလူထုအနေနဲ့ NLD/USDP တို့ထက်စာရင် ဘာကြောင့် ချင်းပါတီကို ရွေးချယ်မဲပေးသင့်သလဲ။ ဘာအကြောင်းအရာတွေကြောင့်လဲ။

ဖြေ- တချို့က NLD ကို ဗမာပါတီမဟုတ်ဘူး။ ပြည်ထောင်စုပါတီလို့ပြောကြပါတယ်။ ဦးဆောင်သူတွေနဲ့ ပေါ်လစီရေးဆွဲသူတွေက ဘယ်သူလဲဆိုတာကြည့်ရပါ့မယ်။ အဲ့ဒါရေးဆွဲသူတွေက ဗမာတွေဖြစ်တဲ့အတွက် ဗမာပါတီပါပဲ။ ကျနော်တို့ပါတီကို ဘာလို့ ချင်းပါတီလို့ ပြောရသလဲဆိုရင် ဦးဆောင်သူနဲ့ ပေါ်လစီရေးဆွဲသူတွေက ချင်းလူမျိုးတွေဖြစ်တဲ့အတွက်ပါ။ ဒါကြောင့် NLD ကော၊ USDP ကော ဗမာပါတီပါပဲ။ ဒါကြောင့် ဒီပါတီကြီးတွေမှာ ချင်းတွေပါပေမယ့် သူတို့က NLD/USDP ပေါ်လစီရဲ့ ထိန်းချုပ်ဦးဆောင်မှုအောက်မှာပဲ အလုပ်လုပ်နေကြရတာဖြစ်ပါတယ်။ဒါကြောင့် လူကတော့ ချင်းဖြစ်ပေမယ့်၊ ဦးနှောက်နဲ့ တွေးတာ၊ လုပ်တာကိုင်တာက ချင်းမဟုတ်တော့ပါဘူး။ ကျနော်တို့ချင်းပါတီကတော့ ကျနော်တို့မှာ အရှင်သခင်မရှိပါဘူး။ ကျနော်တို့ခေါင်းပေါ်မှာ တခြားလူမျိုးမထားပါဘူး။

နောက်တခုက အရင်က ဖဆပလဖြစ်ဖြစ်၊ USDP နဲ့ NLD ဖြစ်ဖြစ် တိုင်းရင်းသားတွေအတွက်ဆိုရင်- ဖွံ့ဖြိုးရေးဘက်ကိုပဲ ဦးစားပေးလုပ်ပါတယ်။ ဆေးရုံ၊ ကျောင်း၊ လမ်းလုပ်မယ်ဆိုတာနဲ့ပဲ ကျနော်တို့လူထုကို အချိုသပ်ပါတယ်။ ဒီအတွက် သုံးတဲ့ပိုက်ဆံက သူတို့ပါတီပိုက်ဆံလည်း မဟုတ်ပါဘူး။ ဒါက အစိုးရဘတ်ဂျက် ဖြစ်ပါတယ်။ အဲ့ဒါမျိုးက ဘယ်သူမဆို လုပ်နိုင်တဲ့အရာဖြစ်ပါတယ်။ ကျနော်တို့ ချင်းပါတီအနေနဲ့က ဖွ့ံဖြိုးရေးတင်မကပဲ၊ ကျနော်တို့ ချင်းလူမျိုးဖြစ်တည်မှုနဲ့ အမျိုးသားရေးလက္ခဏာကို ကာကွယ်ထိန်းသိမ်းရင်း မြှင့်တင်မှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ဆိုရင် ကျနော်ကိုယ်တိုင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ရင်- ပထမ သုံးလပတ်မှာ ဘာလုပ်မလဲဆိုရင်- ချင်းပြည်နယ် မြို့နယ်တိုင်းက လမ်းနာမည်တွေက ဗမာနာမည်တွေလား၊ ချင်းနာမည်တွေလား ဆိုတာကို စာရင်းပြုစု ပြောင်းလဲမယ်။ ဆိုင်းဘုတ်တွေမှာဆိုရင်လည်း ဗမာစာတွေချည်းပဲ ရေးတဲ့အတွက် ဗမာစာမတတ်တဲ့ ချင်းတယောက်က အဲ့ဒီကိုသွားတဲ့အခါ ဘာရုံးလဲဆိုတာ မသိနိုင်တာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် ဒါဟာ ချင်းပြည်ဆိုတာကို ပေါ်လွင်အောင် ဆိုင်းဘုတ်မှာ ပထမဆုံး ချင်းလို (ဒေသအလိုက် စကားနဲ့)၊ ပြီးရင် ဗမာလိုနဲ့ အင်္ဂလိပ်လိုဆိုပြီး ပြင်ဆင်ရပါမယ်။ နောက်တခုက ချင်းအမျိုးသားနေ့ကိုလည်း တရားဝင်ပိတ်ရက်ဖြစ်ဖို့နဲ့ မြို့ပေါ်တွေမှာပဲ ကျင်းပတာမျိုး မဟုတ်ပဲ ကိုယ့်ကျေးရွာတွေအလိုက်လည်း ကျင်းပနိုင်ရမယ်။ ခရစ္စမတ်ပွဲတော်လိုမျိုး ကိုယ်ရောက်ရာနေရာတိုင်းမှာ ကျင်းပရမယ်။ ကိုယ့်ဘိုးဘေးတွေ၊ ကိုယ့်လူမျိုးတွေကို ချီးမွမ်းထောပနာပြုရမယ်။ ဗမာခေါင်းဆောင်တွေကို ခေါ်ပြီး သူတို့ကို ချီးမွမ်းရမယ့်ပွဲမဟုတ်ဘူး။ သူတို့ကို ချီးမွမ်းချင်ရင် ပြည်ထောင်စုနေ့မှာပဲ ချီးမွမ်းရမည်။ ဒါကြောင့် ချင်းအမျိုးသားနေ့ဆိုတာ ကမ္ဘာပေါ်က လူမျိုးတမျိုးအဖြစ် ဂုဏ်ယူစွာနဲ့ ကျင်းပရပါမယ်။

နောက်ပြီးတော့ လယ်ယာမြေ၊ တောင်ယာမြေကိစ္စတွေအတွက် လုပ်ရပါမယ်။ ဗြိတိသျှမရောက်ခင်ကတည်းက ကျနော်တို့ ဘိုးဘေးတွေပိုင်တဲ့ မြေတွေကို မပပျောက်အောင် ဥပဒေတွေပြဌာန်းပြီး ထိန်းသိမ်းဖို့ ရှိပါတယ်။ နောက်တခုကလည်း ခြစားမှုတွေများတဲ့ တင်ဒါကိစ္စတွေမှာလည်း ကျနော်တို့တတွေကတော့ သန့်ရှင်းစွာနဲ့ ရပ်တည်သွားမှာပါ။ ချင်းဦးနှောက်နဲ့ ချင်းလူမျိုးတွေက ချင်းပြည်နယ်ကို ကောင်းကောင်း ဦးဆောင်နိုင်ပါတယ်။

မေး- ၂၀၂ဝရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်ထားမှုနဲ့ ပြိုင်ဆိုင်မယ့် အခြေအနေတွေကိုလည်း သိချင်ပါတယ်။

ဖြေ- မြို့နယ်တွေကနေ စီစစ်ရွေးချယ်ထားတာတွေကို ဗဟိုကို ဇူလိုင်လ ၁၁ ရက်နေ့နောက်ဆုံးထားပြီး၊ လုပ်ရမည်။ကျနာ်တို့ CEC အစည်းအဝေးခေါ်ယူ ဆွေးနွေးကြမှာဖြစ်ပြီး၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ အတည်ပြုဖို့ပြင်ဆင်ထားပါတယ်။ တချို့ဒေသတွေမှာ ကိုယ်စားလှယ်လောင်း ရွေးချယ်ထားမှု Procedure မမှန်တဲ့အတွက် ဗဟိုဘက်ကနေ ဖြေရှင်းပေးရတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ နောက်တခုက ချင်း ရေးရာဝန်ကြီးတွေကိုတော့ မြို့နယ်အဆင့်ကို အခွင့်မပေးထားပါဘူး။ ဘာလို့လည်းဆိုတော့ ဥပမာ- စစ်ကိုင်းတိုင်းဒေသကြီးဆိုရင် ကလေးမြို့နယ်ကလည်း သူ့ဘာသာသူရွေးတင်မယ်။ တမူးကလည်းသူ့ဘာသာသူရွေး တင်မယ်….စသည်ဖြင့်မြို့နယ်အားလုံးက ရွေးရင် သူတို့အကြားမှာ စည်းလုံးမှု ပိုပျက်နိုင်ပါတယ်။ မြို့နယ်အသီးသီးကအဆိုပြုလွှာတော့ ပြုလုပ်နိုင်ပေမယ့် ဗဟိုကနေ ဆုံးဖြတ်တာ အသင့်တော်ဆုံးပါ။ ကိုယ်စားလှယ်လောင်းကတော့ ချင်းပြည်နယ်၊မြို့နယ်တိုင်းမှာ ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ ကလေးမြို့နယ်မှာဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်သူ့လွှတ်တော်ကို ပြိုင်မယ်။ တမူးမှာလည်းပြိုင်မယ်။ ပြီးတော့ ချင်းရေးရာဝန်ကြီး သုံးနေရာဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်မှာလည်း ပြိုင်ပါ့မယ်။

မေး- ဦးငိုင်ဆာ့ခ် ကိုယ်တိုင်ကော ဘယ်လွှတ်တော်မှာ ဝင်ပြိုင်ဖို့ ပြင်ဆင်နေပါသလဲ။

ဖြေ- အရင်ကတော့ ပြည်ထောင်စုလွှတ်တော်ဘက်ကို ပိုပြိုင်ချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဥပဒေတွေပြုပြင်ဖို့ အများကြီးရှိတယ်။ ဥပမာတခုအနေနဲ့ဆိုရင် ကျနော်တို့တတွေ ဘုရားကျောင်းမှာ လက်ထပ်တဲ့အခါ လက်ထပ်ပေးတဲ့ ပါစတာတွေက လိုင်စင်မရှိကြဘူး။ ဥပဒေအရဆိုရင်သမ္မတကထုတ်ပေးတဲ့ လိုင်စင်မရှိပဲနဲ့ လက်ထပ်ပေးတဲ့သူဟာ တရားမဝင်တဲ့အတွက် ထောင်ကျနိုင်တဲ့အခြေအနေပါ။ ဒါကြောင့် ဒါမျိုးဥပဒေတွေကို ပြင်ချင်တယ်။ ဘယ်လိုပြင်ချင်သလဲဆိုရင်- နှစ်ခြင်းဆိုရင် အသင်းချုပ်တွေဖြစ်တဲ့ MBC, CBC တွေကို အခွင့်အာဏာပေးပြီး၊ သူတို့ကနေ လိုင်စင်ထုတ်ပေးတာမျိုးပေါ့။ သူတို့တန်ဖိုးပိုတက်လာပြီး တရားဝင်သွားဖို့အတွက်ပါ။ နောက်ပြီးတော့ မြေလွတ်မြေရိုင်းဥပဒေတွေလည်း ပြင်ဆင်ရမှာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ၂၀၁၅ ကနေ အခုထိ ပြည်ထောင်စုလွှတ်တော်မှာဥပဒေသတ်မှတ်ပြဌာန်းမှုအပိုင်းမှာ အခက်အခဲတွေ အများကြီးရှိတာကို တွေ့ရတယ်။ ဒါကြောင့် ၂၀၂၀ မှာတော့ ပြည်နယ်လွှတ်တော်မှာပြိုင်ပြီး၊ ချင်းပြည်နယ်အခြေအနေကို ဒီထက်ပိုမိုသိနိုင်ပြီး၊ ကူညီပေးနိုင်ဖို့အတွက်ပါ။ အားလုံးကို မျှမျှတတနဲ့ လုပ်ပေးနိုင်ဖို့အတွက်နဲ့  အစိုးရမဖွဲ့နိုင်ခဲ့ရင်တောင်မှ အစိုးရကို ထောက်ပြပြီး ထိန်းကျောင်း တည့်မတ်ပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...