ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် တိုင်းရင်းသားများဆန္ဒထုတ်ဖေါ်

ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် တိုင်းရင်းသားများဆန္ဒထုတ်ဖေါ်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် မြန်မာတိုင်းရင်းသား ၆ဝ ခန့်က ဇွန် ၂၅ ရက် ညနေပိုင်းက စစ်ပွဲများ ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ပိတ်ထားသည့်အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရေးတို့ အတွက် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းဆန္ဒဖော်ထုတ်ပွဲကို တိုင်းရင်းသားအဖွဲ့အစည်းများက ပူးပေါင်းကျင်းပပြုလုပ်ခဲခြင်းဖြစ်ပြီး  ရခိုင်၊ ကချင်၊ ကရင်၊ ပလောင်၊ မွန်၊ ချင်းနှင့် ရှမ်း တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်ခဲ့သူ ညီညွတ်သောတိုင်းရင်းသားအဖွဲ့အစည်း  (AUN) ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးက “ မြန်မာ့တပ်မတော်ကနေ လက်နက်ကြီးတွေ၊  လေကြောင်းပစ်ကူမှုတွေကိုပါသုံးပြီး တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် ရခိုင်၊ ချင်းပြည်နယ် ပလက်ဝ၊ ကချင်၊ ရှမ်း၊ ကရင်၊ ပလောင်စတဲ့  ဒေသ အသီးသီးမှာ ပြည်သူတွေ အသက်ပေါင်းများစွာ နေ့စဉ် နေ့တိုင်း ဆုံးရှုံးနေရသလို  ကျောင်းသားလူငယ် တွေလည်း ပညာရေးအခွင့်အလမ်း ဆုံးရှုံးမှုတွေနဲ့ကြုံနေကြရတယ်။  အိုးအိမ်စွန့်ခွာရသူတွေ တစ်နေ့ထက် တစ်နေ့ များလာသလို  လူ့အခွင့်အရေးချိုးဖေါက်ခံရမူတွေကိုလည်း ဖြစ်ပေါ်နေတဲ့အတွက် ဂျပန် အခြေစိုက် မိမိတို့ အဖွဲ့အနေနဲ့ အထူး စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် တပ်မတော် အနေနဲ့  ဒီထိုးစစ်တွေကို ရပ်ပြီး ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောကြားသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် AUN ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦး၊ ANDP-japan ဥက္ကဋ္ဌ ကိုဘုန်းမြင့်၊ ကချင် အဖွဲ့အစည်း ခေါင်းဆောင် ကိုဒွဲဂျာ၊ ကရင်အဖွဲ့အစည်းခေါင်းဆောင်ကိုစိုးလင်းစိန်၊ မွန်အဖွဲ့အစည်း ခေါင်းဆောင် ဦးစောတို့မှ အဖွဲ့အစည်းကိုယ်စားအမှာစကားများ အသီးသီး ပြောကြားခဲ့သည်။

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) (ANDP)  ဥက္ကဋ္ဌ ကိုဘုန်းမြင့်က “ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ သံသယနဲ့  အဖမ်းဆီးခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေကို အများအပြားရှိနေပါပြီ။ စစ်ဘေးရှောင်ပြည်သူ(IDPs) အလွန်များပြားလျှက်ရှိနေပါတယ်။  အပြစ်မဲ့ ပြည်သူတွေကို သံသယနဲ့ မတရားဖမ်းဆီးနှိပ်စက်ခြင်းနဲ့  စစ်ရှောင်ပြည်သူများတွေဆီကို ပို့ပေးတဲ့ စားနပ် ရိက္ခာ၊ ဆေးဝါး အကူအညီတွေကို ဟန့်တားခြင်းတွေဟာ  ဂျီနီဗာကွန်ဗေးရှင်းကို ဆန့်ကျင်ရာရောက်တဲ့အတွက် မိမိတို့ အနေနဲ့ ဒီအပေါ်မှာ ရှုတ်ချကန့် ကွက်ပါတယ်” ဟု ပြောကြားသည်။

ကရင်အဖွဲ့ ခေါင်းဆောင် ကိုစိုးလင်းစိန်က Covid19 ကာလအတွင်း မြန်မာ့တပ်မတော်မှ KNU ထိန်းချုပ်ရာ နယ်မြေအတွင်းနဲ့ ကချင်ပြည်နယ်က နေရာအချို့မှာ Covid-19 ကျန်းမာရေး ပညာပေး စစ်ဆေးရေး ဂိတ်တွေကို ဝင်ရောက် မီးရှို့ခြင်းများကို  ကန့်ကွက် ရှုတ်ချကြောင်း ပြောကြားသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖေါ်ပွဲကို ညနေ ၃ နာရီမှ ၄ နာရီခွဲထိ တစ်နာရီခွဲတိတိ ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။                      

ဆန္ဒဖော်ထုတ်သူများသည် ထိုးစစ်တိုက်ခိုက်မှုများအား ရပ်တန့်ရေး၊ ရခိုင်မှ မြို့နယ်အချို့နှင့် ပလက်ဝ မြို့နယ်တို့တွင် မိုဘိုင်းအင်တာနက် ချက်ချင်းပြန်ဖွင့်ပေးရေး၊ စစ်ရှောင်ပြည်သူများကို လူသားချင်းစာနာသည့် အထောက်အပံ့များနှင့် လုံခြုံစွာနေထိုင်နိုင်ရေး ကာကွယ်စောင့်ရှောက်ပေးရေး၊ ၂ဝဝ၈ ဥပဒေအား ဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲရေး၊  စစ်မှန်သော ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းရေး စားပွဲပေါ်တွင်အဖြေရှာဆွေးနွေးရေး၊ အယ်ဒီတာများနှင့်သတင်းထောက်များကို စွဲဆိုထားသည့် အမူများကို  ပြန်လည်ရုပ်သိမ်းပေးရေး၊ ဒေသဆိုင်ရာ အင်တာနက် သတင်းစာမျက်နှာ (Website) များကို ပြန်လည် ဖွင့်လှစ်ပေးပြီး ပြည်တွင်း ပြပ သတင်းထောက်များ လွတ်လပ်စွာ သတင်း ရယူခွင့်ပြုရေးတို့ကို တောင်းဆိုခဲ့ကြသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...