ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေတွင် တပ်မတော်မှနယ်မြေရှင်းလင်းမည်ဖြစ်သဖြင့် ပြည်သူများ ကျေးရွာများမှ ခေတ္တရှောင်တိမ်းနေထိုင်ကြရန် အမိန့်ထုတ်ပြန်

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေတွင် တပ်မတော်မှနယ်မြေရှင်းလင်းမည်ဖြစ်သဖြင့် ပြည်သူများ ကျေးရွာများမှ ခေတ္တရှောင်တိမ်းနေထိုင်ကြရန် အမိန့်ထုတ်ပြန်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်း တိုက်နယ်တွင် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်မည် ဖြစ်သဖြင့်၎င်းနယ်မြေရှိ ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကျေးရွာများမှ ခေတ္တ ရှောင်တိမ်းနေထိုင်ကြရန်  ဇွန်လ ၂၄ ရက်နေ့က  ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ ထုတ်ပြန်သော အမိန့်တွင် ရသေ့တောင်မြို့နယ် ကျောက်တန်း အနီးဝန်းကျင် တဝိုက်ရှိ ကျေးရွာများတွင် AA အဖွဲ့့များ ဖြန့်ခွဲလှုပ်ရှားလျက်ရှိသည်ဟု သတင်းရရှိထားကြောင်း၊ ၎င်းကျေးရွာများ၌ AA အဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်သူများကို လက်ခံထားခြင်း မပြုကြရန်နှင့် ၎င်းကျေးရွာများသို့ တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ ရှင်းလင်းစဉ် AA အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပါက ကျေးရွာအတွင်း နေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရန် ကျေးရွာများတွင် နေထိုင်ခြင်း မပြုကြဘဲ ခေတ္တရှောင်တိမ်း နေထိုင်ကြရန် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အသိပေးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းစာထဲတွင် ပါဝင်သည်။

အဆိုပါစာအား ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဇွန်လ ၂၄ ရက်နေ့က ကျောက်တန်းနယ်မြေရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ ထပ်မံ ဖြန့်ဝေခဲ့သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် သိရှိရသည်။  

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက အထက်မှ ညွှန်ကြား၍ တရားဝင်စာ ထုတ်ထားပြီဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။

“ရွာသားတွေ ထိခိုက်ဒဏ်ရာရမှာစိုးလို့ ရွှေ့ရမှာ။ ကျွန်တော်ပဲအကြောင်း ကြားပေးလိုက်တာပါ။ မနေ့က ထုတ်တာ။ ညွှန်ကြားချက်အရထုတ်ပေးတာ။ ကျောက်တန်းပတ်ဝန်းကျင်ပါပဲ။ မြေပုံအညွှန်းနဲ့ ထုတ်ပေး လိုက်တာ။ ကိုယ့်ဒေသကပြည်သူတွေကို သူတို့က ရွှေ့ဆိုလည်း ရွှေ့ခိုင်းရမှာပေါ့။ထိ်ခိုက်ဒဏ်ရာ ရမှာစိုးလို့။ စစ်ဆိုတော့ ဒီလိုပဲသဘောတရားရှိပါတယ်။ ဘယ်သူ့ကိုမှလည်း မှားတယ်ပြောလို့မရဘူး” ဟု ဦးအောင်မြင့်သိန်းက ပြောသည်။

ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက်  ကျောက်တန်းနယ်တစ်ခုလုံးရှိ ကျေးရွာပေါင်း  ၄၃ ရွာမှ  ကျေးရွာသားများ တစ်ခြား နယ်မြေများသို့ ထွက်ပြေးနေကြကြောင်း ပြိန်းတော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောလှက နိရဥ္စရာသတင်းဌာနအားပြောသည်။

“ကျွန်တော်တို့ကို စာပို့ဖို့ ပြောတယ်။ တရားဝင်ထုတ်ပြန်ထားပါတယ်။ အပြတ်သတ်နယ်မြေရှင်းလင်းရေး လုပ်ဖို့တွက်လို့ သိရတယ်။ ရွာသားတွေထွက်ပြေးနေကြပြီ။ အမိန့်စာတော့ လက်ထဲမရောက်သေးဘူး သွားယူနေတယ်။ ကျွန်တော်တို့ရွာကစာရင်းထဲပါမပါ မသိသေးဘူး။ ကျောက်တန်းနယ်တစ်ခုလုံးသာဆိုရင် ကျွန်တော့်ရွာလည်း ပါမှာ” ဟုပြောသည်။

ကျောက်တန်းနယ်တစ်ခုလုံးကိုသာဖယ်ရှားရမည်ဆိုပါက ကျေးရွာလေးဆယ်ကျော်ရှိပြီး ယင်းမှ ပြည်သူများ၏ စားဝတ်နေရေးကို တာဝန်ယူပေးဖို့လိုအပ်မည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကို်ယ်စားလှယ်ဒေါ်ခင်စောဝေက ပြောသည်။

“ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးကိုမေးကြည့်လိုက်တော့ ဟုတ်တယ်လို့ပြောတယ်။ နယ်လုံဝန်ကြီးက ထုတ်တာလိို့သိရတယ်။ စာကိုတော့သေချာမဖတ်ရသေးတော့ အချက်အလက်ကို အသေးစိတ်မသိသေးဘူး။ ကျောက်တန်းနယ်မြေလို့ ပြောတယ်။ ကျောက်တန်းနယ်မြေကကျယ်ပြန့်တယ်။ ကျေးရွာလေးဆယ်ကျော် ရှိတယ်။ ရွာသားတွေက တိုက်ပွဲဖြစ်ရင်ထွက်ပြေးကြချိန်ဆိုသူတို့စိတ်နဲပြေးတာ။ ဒါပေမဲ့အခုက တရားဝင် အစိုးရကကြေညာလို့ ထွက်ပေးရမယ်ဆိုတဲ့အတွက် သူတို့ရဲ့ စားဝတ်နေရေးကို ဘယ်သူတာဝန်ယူမလဲ။ အစိုးရက တာဝန်ယူပေးရမယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား နိရဥ္စရာသတင်းဌာနမှဆက်သွယ်ရာ ဆက်သွယ်မှု မရရှိသေးပါ။

လက်ရှိတွင် ၄င်းကျောက်တန်းကျေးရွာနယ်မြေတစ်ခုလုံးရှိ ကျေးရွာအချို့မှ  ပြည်သူများမှာ စစ်တွေမြို့နှင့် ရသေ့တောင်မြို့များသို့ ထွက်ပြေးနေကြကြောင်း သိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...