ရသေ့တောင်မြို့နယ်မြင်းကန်းချောင်းရွာထဲ လက်နက်ကြီးကျည်ကျ၍ အပျက်အစီးအချို့ရှိ

ရသေ့တောင်မြို့နယ်မြင်းကန်းချောင်းရွာထဲ လက်နက်ကြီးကျည်ကျ၍ အပျက်အစီးအချို့ရှိ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်း၊ မြင်းကန်းချောင်းရွာထဲသို့ ဇွန် ၂၄ ရက်နံနက်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများ ရှိသဖြင့် အပျက်အစီးအချို့ရှိခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျည်ကျသဖြင့် မြင်းကန်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း အုတ်နံရံခြံစည်းရိုးမှာ ကျိုးပျက်သွားပြီး ဦးထွန်းအေး၏နေအိမ်ခေါင်မိုးစွန်းများ ပေါက်ထွက်သွားကာ လူနေအိမ်တချို့တွင် လက်နက်ကြီး ကျည်ထိမှန်ခဲ့ကြောင်း ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စောနိုင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ အိမ်မှာ အိပ်နေချိန် ဒီနေ့ မနက် ၆ နာရီလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်သံကြားတယ်။ ရေတပ် ဇက်ရေယာဉ် နှစ်စီးဖြတ်သွားတဲ့ အချိန်မှာ ဖြစ်တာ။ အရင်က ဒီလို မဖြစ်ဖူး သေးဘူး။ ဘယ်သူမှ ထွက်ပြီးမကြည့်ရဲဘူး။ ကိုယ့်အိမ်မှာကိုယ်ဝပ်နေကြတာ။ ကြောက်ကြတာပေါ့။ ကျွန်တော်တို့ကတော့ ဘယ်က စပစ်မှန်းမသိဘူး။ အပြန်အလှန်တော့ပစ်ကြတယ်။ မိနစ်နှစ်ဆယ်နီးပါး ပစ်ခဲ့ကြတယ်” ဟု ဦးမောင်စောနိုင်က ပြောသည်။

ပစ်ခတ်သံများ ကြားရသဖြင့် ကြောက်လန့်ကာ ပုန်းခိုနေခဲ့ရပြီး ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ခဲ့သဖြင့်   ရွာသားအချို့မှာ အနီးအနား ကျေးရွာများသို့ ထွက်ပြေးခဲ့ကြကြောင်း ၎င်းကျေးရွာမှ မငယ်ငယ်က ပြောသည်။

“ပစ်သံကြားတာနဲ့ တစ်ခါတည်း ကျွန်မတို့ အိမ်အောက်ကို ဆင်းပြေးပြီး မြေကြီးပေါ်မှာ ဝပ်နေကြရတာပါပဲ။ ဘယ်ကပစ်လဲဆိုတာကိုလည်းအတိကျမသိဘူး။ ဘုန်းကြီးကျောင်းအုတ်နံရံကို လက်နက်ကြီးကျလို့ ပေါက်ထွက်သွားတယ်။ ကျွန်မတို့ အိမ်နားက အိမ်မှာ အိမ်သာ ခေါင်မိုးတွေပေါက်ထွက်ကုန်တယ်။ ပစ်တာကတော့ မြစ်ဖက်ကပစ်တာ။ ကလေးတွေ ကြောက်လို့ အော်ကြတာနဲ့ ဆူညံနေတာပဲ။ ကျွန်မလည်း ကြောက်တယ်။ကလေးတွေနဲ့ ကြောက်လို့ မြေကြီးပေါ်မှာ မိုးလင်းအောင်ထိ ဝပ်နေခဲ့ကြရပါတယ်” ဟု သူမက ပြောသည်။

မေယုမြစ်အတွင်း ခုတ်မောင်းနေသည့် ဇက်စစ်ရေယာဉ်အား AA လက်နက်ကြီးဖြင့် ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်သည်ဟု ဒေသခံ အချို့မှ ပြောဆိုသဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ရက္ခိုင့်တပ်တော် (AA) သို့ ဆက်သွယ်ပါကလည်း အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် အရေးယူခံရနိုင်သဖြင့် ဆက်သွယ် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပစ်ခတ်မှုဖြစ်သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“ဇက်ကပစ်တာ။ မနက်က ၆ နာရီကျော်ကျော်လောက်ဖြစ်တာ။ ရွာသားတွေ အထိခိုက်တော့ မရှိဘူး။ မြင်းကန်းချောင်းက အိမ်တွေ ဘုန်းကြီးကျောင်းတံတိုင်းမှာ ထိတယ်လို့ ပြောတယ်။ ဇက်ရေယာဉ် ဖြတ်သွားချိန်မှာ ဖြစ်ကြတာ” ဟု ဦးခင်မောင်လတ်က ပြောသည်။

၎င်းမြင်းကန်းချောင်းကျေးရွာသည် ရသေ့တောင်မြို့နယ် တောင်ဘက်၊ မူစဲကျွန်းပေါ်တွင် တည်ရှိပြီး အိမ်ထောင်စု၂၄၃ စု၊ လူဦးရေ ၁၃ဝဝ ကျော်နေထိုင်ကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာသား အချို့မှာ ကြောက်လန့်၍ မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများထံသို့ထွက်ပြေးသွားခဲ့ကြကြောင်း ၎င်းရွာအုပ်ချုပ်ရေးက ပြောသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...