ရသေ့တောင်မြို့အနီး ပစ်ခတ်မှုဖြစ်၍ ရွှေပါရမီဘုန်းကြီးကျောင်းမှ မသန်စွမ်းသူစစ်ဘေးရှောင်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ရသေ့တောင်မြို့အနီး ပစ်ခတ်မှုဖြစ်၍ ရွှေပါရမီဘုန်းကြီးကျောင်းမှ မသန်စွမ်းသူစစ်ဘေးရှောင်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အနီးတွင် ဇွန်လ ၂၄ ရက်ညနေ ၄ နာရီကျော်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွှေပါရမီဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသူ စစ်ဘေးရှောင် ဆွံအ၊ နားမကြား၊မျက်မမြင် အမျိုးသားတစ်ဦးကို လက်နက်ကြီးကျည် ထိမှန်သွားကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျည်ထိမှန်သူမှာ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာမှ ရွှေပါရမီကျောင်းတွင် စစ်ဘေးရှောင်နေသူ ဦးမောင်အေးညွှန့် (၅၅ )နှစ်ဖြစ်သည်။

ရွေပါရမီဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်က “ ကျောင်းထဲက စစ်ဘေးရှောင် နေတဲ့ တဲအိမ်အဆောင် အောက်မှာ ဝပ်နေကြတဲ့အချိန်မှာ ထိတာ။ ပေါက်ကွဲသံနှစ်ချက်ကြားတယ်။ နောက်တော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာ။ သူ့အမေ ငိုပြီး ပြေးလာပြောမှ သိတာ။ ဆရာတော်တို့လည်း ချက်ချင်း သွားကြည့်လို့မရဘူး။ သေနတ်ပစ်နေတော့ အကုန်ဝပ်နေကြရတာ။ ဘယ်ခြေထောက် ဒူးအောက်ပိုင်းတစ်ခုလုံး ကြေသွားတယ်။ အခုဆေးရုံကား ရောက်နေလို့ ကားပေါ် တင်နေတယ်။ အဲဒီနားမှာ စစ်သားတွေ ကင်းပုန်းဝပ်ပြီး ရှိနေသေးတယ်” ဟု ညနေ ၅နာရီခန့်က ဆက်သွယ်မေးမြန်းစဉ် မိန့်ကြားသည်။

၎င်းရွှေပါရမီကျောင်းတိုက်သည် ရသေ့တောင်မြို့ အရှေ့ဘက် ပုဏ္ဏားကျွန်းမြို့ သို့ သွားသည့် ကားလမ်းပေါ်ရှိ တံတားအနီးတွင် တည်ရှိပြီး ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာသည် ၎င်းဘုန်းတော်ကြီးကျောင်းနှင့် နှစ်မိုင်ခန့်သာ ကွာဝေးသည်ဟု သိရသည်။

ဒဏ်ရာ ရရှိသွားသူ ဦးမောင်အေးညွှန့်၏ မိခင်ဖြစ်သူ ဒေါ်ဦးစိန်ညွှန့်က “ သူက နားလည်းမကြားဘူး၊ စကားလည်းမပြောတတ်ဘူး။ မျက်စိလည်းမမြင်ဘူး။ ကျွန်မတို့နဲ့ နေရတာ။ မိသားစုဆိုလို့ ကျွန်မတို့ပါပဲ။ တဲအိမ်အောက်မှာ ဝပ်နေရာမှာ အိမ်ခေါင်မိုးကို ဖောက်ပြီးလာထိတာ။ ခြေထောက်ကိုထိတယ်။ ဘယ်လိုခံစားရမလဲပြောမပြတတ်အောင်ပါပဲ” ဟုပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးတွင် တပ်ရင်းအမှတ် (၅၃၈) တည်ရှိပြီး ပြားချောင်းကြီး ကျေးရွာဘက်သို့ စစ်ကြောင်း တစ်ခုဖြတ်သန်းချိန်တွင် ဖြစ်ပွားခဲ့ပြီး ရသေ့တောင် မြို့ပေါ်နှင့် အနီးအနား ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ညနေ ၆ နာရီခန့်က ရသေ့တောင်မြို့ပေါ်မှ လူမှုကူညီရေးလုပ်ဆောင်နေသူ ကိုဘက္ကာသို့ ဖုန်းဖြင့် ဆက်သွယ်ရာ လူနာအား ရသေ့တောင်ဆေးရုံကို ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း ပြောကြားသည်။

“လူနာကို ရသေ့တောင်ဆေးရုံကို ပို့လိုက်ပါပြီ။ ခြေထောက်အရိုးတွေက ကြေသွားတယ်။ ဖြတ်ချင် ဖြတ်ရမယ်ထင်တယ်။ စစ်တွေဆေးရုံကိုယူဖို့ အခြေနေကမလုံခြုံသေးလို့ စောင့်ကြည့်နေပါတယ်”ဟု သူက ပြောသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း “ ရသေ့တောင်မြို့ထဲက သိပ်မ ဝေးဘူး။ မြို့အထွက် တံတားနားမှာ ပစ်နေကြတာ။ ရွှေပါရမီကျောင်းမှာ စစ်ဘေးရှောင် တစ်ယောက်ထိတယ်။ အခု လူနာတင်ကားနဲ့ ယူလာလို့ မြို့ပေါ်က ဆေးရုံရောက်နေပြီ” ဟု အတည်ပြုပြောသည်။

ရွေပါရမီဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် လူဦးရေ ၁၇ဝဝ ခန့်ရှိခိုလှုံနေကြကြောင်း သိရသည်။

ညနေ ၅နာရီခွဲခန့်တွင် ပစ်ခတ်သံများ ရပ်သွားသော်လည်း ညဉ့်အချိန် တစ်ခုခု ဖြစ်မည်ကို ရသေ့တောင်မြို့ ဒေသခံများအနေဖြင့် ကြောက်လန့်နေကြကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မှု မရရှိသေးပါ။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...